ဆူဇူကီးဖလား ချန်ပီယံလုပွဲ ပထမအကျော့ ပွဲစဉ်မှာ သရေနဲ့သာ ကျေနပ်ခဲ့ရ

၂၀၁၈ ဆူဇူကီးဖလား ချန်ပီယံလုပွဲ ပထမအကျော့ ပွဲစဉ်မှာ မလေးရှားအသင်းနဲ့ ဗီယက်နမ်အသင်းတို့ မနေ့က ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးစီသရေပွဲအဖြစ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မလေးရှားနိုင်ငံက ပထမအကျော့ပွဲစဉ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရတာ ဖြစ်တဲ့အတွက် ပွဲကြည့်သူ ၈၀,၀၀၀ ကျော်ရှေ့မှာ မလေးရှားအသင်း ဖိအားတွေ ရှိနေတာကို တွေ့ရပါတယ်။ ဗီယက်နမ်အသင်းက ပထမပိုင်း ၂၂ မိနစ်မှာ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။  ၃မိနစ်ခြားပြီး နောက်ထပ် တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် အိမ်ရှင်အသင်းအနေနဲ့ ပြန်လည်တိုက်စစ်ဆင်ဖို့ တော်တော်လေး ကြိုးစားခဲ့ရတာကို တွေ့ရပါတယ်။

မလေးရှားအသင်းက ၃၆ မိနစ်မှာ အလွတ်ကန်တင်ဂိုးကနေ တစ်ဂိုးရရှိခဲ့သလို နောက်ထပ် အလွတ်ကန်တင် ဂိုးကနေ ဒုတိယဂိုးချေပ ဂိုးရရှိခဲ့ပါတယ်။

ဆူဇူကီးဖလား ချန်ပီယံလုပွဲ ဒုတိယအကျော့ ပွဲစဉ်ကို လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟန္နိုင်းမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

 

MDN
ကိုးကား- AFP