ဒီဇင်ဘာ ၁၈

၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) နောက်ဆုံးနေ့ကို ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီက စင်ကာပူနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း အရေးနိမ့်ခဲ့သည်။ နောက်ဆုံးနေ့တွင် ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို သုံးဂိုး-နှစ်ဂိုး၊ ထိုင်းအသင်းက စင်ကာပူအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ပြီး ဖိလစ်ပိုင်အသင်းကို ပထမပိုင်းတွင် သုံးဂိုးအထိပေးခဲ့ရသဖြင့် ဒုတိယပိုင်းတွင် နှစ်ဂိုးသာပြန်သွင်းနိုင်ပြီး အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ပထမပိုင်းကတည်းက သုံးဂိုးပြတ်အနိုင်ရနေပြီး ဆီမီးဖိုင်နယ်တက်ရန် မျှော်လင့်ချက်မရှိသော်လည်း နောက်ဆုံးပွဲတွင် ဂိုးပြတ်နိုင်ပွဲဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။ မြန်မာအသင်းသည် နောက်ဆုံးကစားသည့် ထိုင်းနှင့်ပွဲမှ ပွဲထွက်လူစာရင်းကို တစ်ဦးသာပြောင်းလဲခဲ့ပြီး မောင်မောင်ဝင်းနေရာတွင် အောင်နိုင်ဝင်းကို အသုံးပြုကာ မျိုးမင်းလတ် (ဂိုး)၊ ဒေးဗစ်ထန်၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ ဆွမ်လမန်၊ လှိုင်းဘိုဘို၊  ဟိန်းထက်အောင်၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ သန်းပိုင်တို့ဖြင့် ပွဲထွက်ခဲ့သည်။

ဖိလစ်ပိုင်အသင်းမှာလည်း အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက မြန်မာဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ဖိလစ်ပိုင်အသင်းသည် ပထမပိုင်းမှာပင် သုံးဂိုးပြတ် အနိုင်ရနေပြီး တိုက်စစ်မှူး မာရာနွန်တစ်ဦးတည်းက ၁၆၊ ၁၉၊ ၄၅ မိနစ်တွင် ဟက်ထရစ်သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် ဖိလစ်ပိုင်အသင်းက ထိန်းကစားခဲ့၍ မြန်မာအသင်း အခွင့်အရေးများရလာပြီး ၇၄ မိနစ်တွင် အောင်ကောင်းမာန်၏ ဖန်တီးပေးမှုမှတစ်ဆင့် ထက်ဖြိုးဝေက ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်းက ဂိုးထပ်ရရန် ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့ပြီး ၈၆ မိနစ်တွင် ထက်ဖြိုးဝေကပင် ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။

အုပ်စု(က) ပွဲစဉ်များအပြီးတွင် ထိုင်းအသင်းက ၁၂ မှတ်ဖြင့် အုပ်စုပထမ၊ အိမ်ရှင်စင်ကာပူအသင်းက ကိုးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်သွားပြီး ခြောက်မှတ်ရရှိသည့် ဖိလစ်ပိုင်၊ သုံးမှတ်ရရှိသည့် မြန်မာအသင်းနှင့် လေးပွဲစလုံးရှုံးခဲ့သည့် တီမောအသင်းတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

သတင်း-ရဲရင့်လွင်