ဒီဇင်ဘာ ၁
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ဆူဇူကီးပြိုင်ပွဲအတွက် ပဏာမကစားသမား ၂၅ ဦးရွေးချယ်ထားသော်လည်း ဟိန်းထက်အောင်မှာမူ ကလပ်အသင်းပွဲစဉ်များရှိနေသဖြင့် တူရကီနိုင်ငံသို့ သွားရောက်ပူးပေါင်းနိုင်ခြင်းမရှိဘဲ စင်ကာပူနိုင်ငံသို့ ရောက်ရှိမှသာ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် အသင်းများမှာ နိုဝင်ဘာလကုန်ပိုင်းကတည်းက ရောက်ရှိလာခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းမှာမူ နိုဝင်ဘာ ၃၀ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံတွင် တစ်လကျော်သွားရောက်လေ့ကျင့်ခဲ့ပြီး တူရကီနိုင်ငံမှ စင်ကာပူနိုင်ငံသို့ တိုက်ရိုက်လာရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်မှုအဖွဲ့၊ နည်းပြအဖွဲ့ဝင် ၁၂ ဦး၊ ကစားသမား ၂၄ ဦး လိုက်ပါလာပြီး မလေးရှားကလပ် ဆီလန်ဂေါအသင်းတွင် ကစားနေသည့် ဟိန်းထက်အောင်မှာမူ စင်ကာပူနိုင်ငံသို့ ရောက်ရှိမှသာ လာရောက်ပူးပေါင်းခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲလေးပွဲကစားခဲ့ရာ နှစ်ပွဲနိုင် နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် တူရကီအပျော်တမ်းကလပ်များဖြစ်သည့် မာနက်ဗ်ဂတ်စပေါ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အန်တယ်ရာဟယ်စပေါ်အသင်းကို ရှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီး ဘူရွန်ဒီလက်ရွေးစင်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အင်ဒိုနီးရှားလက်ရွေးစင်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
ဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် အိမ်ရှင်စင်ကာပူအသင်းနှင့် ကစားရမည်ဖြစ်သည်။
သတင်း-ရဲရင့်လွင်