ဒီဇင်ဘာ  ၉

စင်ကာပူနိုင်ငံ၌ပြုလုပ်လျက်ရှိသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ မလေးရှားနှင့် အင်ဒိုနီးရှားအသင်း နိုင်ပွဲရရှိခဲ့သည်။

မလေးရှားအသင်းသည် လာအိုအသင်းကို လေးဂိုးပြတ်အနိုင်ရကာ နှစ်ပွဲဆက်အနိုင်ရခဲ့သည်။ မလေးရှားအသင်းသည် အုပ်စုတွင်း အင်အားအနည်းဆုံးနှစ်သင်းဖြစ်သည့် ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ကို ဆက်တိုက်အနိုင်ရထားခြင်း ဖြစ်သည်။ ယခုပွဲတွင်လည်း လာအိုအသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။ မလေးရှားအသင်းအတွက် အနိုင်ဂိုးများကို ဆာဖာဝီရာဆတ်ဒ် တစ်ဦးတည်းက ၇၊ ၃၄၊ ၈၀ မိနစ်တွင် ဟက်ထရစ်သွင်းယူပြီး တတိယဂိုးကို ၇၈ မိနစ်တွင် ရှာရူဆတ်ဒ်က သွင်းယူခဲ့သည်။

ဒုတိယပွဲတွင် အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီးယားအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဂျပန်နာမည်ကြီးလက်ရွေးစင်ဟောင်း ဟွန်ဒါကိုင်တွယ်နေသည့် ကမ္ဘောဒီးယားအသင်းသည် အဖွင့်ပွဲတွင် မလေးရှားကို အရေးနိမ့်ထားသဖြင့် ယခုပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့သော်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် ပွဲဦးထွက်ပွဲမှာပင် အနိုင်သုံးမှတ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းအတွက် ဂိုးများကို ၄၊ ၃၃မိနစ်တွင် အီရီရန်တို၊ ၁၇ မိနစ်တွင် ဒီမက်စ်၊ ၅၄ မိနစ်တွင် ရာမီရီတို့က သွင်းယူပြီး ကမ္ဘောဒီးယားအတွက် ချေပဂိုးများကို ၃၇ မိနစ်တွင် ဆာဖီနှင့် မိနစ် ၆၀ တွင် ပတ်မိုနေးအူဒွန်တို့က သွင်းယူသည်။

အုပ်စု(ခ) ဒုတိယနေ့ပွဲစဉ်များအပြီးတွင် မလေးရှားအသင်းက နှစ်ပွဲကစား ခြောက်မှတ်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်းက တစ်ပွဲကစား သုံးမှတ်စီရထားပြီး လာအိုနှင့် ကမ္ဘောဒီးယားအသင်းမှာမူ နှစ်ပွဲဆက်အရေးနိမ့်ပြီး အမှတ်မရသေးပေ။ အုပ်စု တတိယနေ့ပွဲစဉ်များကို ဒီဇင်ဘာ ၁၁၊ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ - FAM