ဂျကာတာ ဒီဇင်ဘာ ၂၇

 

အိန္ဒိယသမုဒ္ဒရာတွင် စတင်ဖြစ်ပွားခဲ့သော ဆူနာမီမုန်တိုင်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်သို့ ဝင်ရောက် တိုက်ခတ်ခြင်း ၁၇ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၌ ယနေ့ကျင်းပသည်။

 

အဆိုပါဆူနာမီမုန်တိုင်း ဝင်ရောက်တိုက်ခတ်သည့်ကာလအတွင်း အာချေးပြည်နယ်၌ ဒေသခံ ၁၆၀၀၀၀ ကျော် သေဆုံးခဲ့သည်။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီတွင် အာချေးပြည်နယ်သို့ အဆိုပါဆူနာမီမုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ အာချေးပြည်နယ်ရှိဒေသခံများအား တာဝန်ရှိသူများက သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် သင်တန်းများ ပို့ချပေးနေသော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကြောင့် အခက်အခဲများ ရှိနေကြောင်း သိရသည်။

 

အာချေးပြည်နယ်ရှိ ဒေသခံများသည် လက်ရှိ အချိန်၌ ပြင်ဆင်ထားသော သဘာဝဘေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများနှင့် တင်းတိမ်မနေသင့်ဘဲ သဘာဝဘေးကာကွယ်ရေးအတွက် ပိုမိုကြိုးစား ဆောင်ရွက်သင့်ကြောင်း အဆိုပါအောက်မေ့ဖွယ် အခမ်းအနား၌ အာချေးပြည်နယ် အုပ်ချုပ်ရေးမှူး နိုဗာအိုင်ရင်ရက်က ပြောကြားသည်။ အဆိုပါဖြစ်စဉ်တွင် သားသမီးသုံးဦး သေဆုံးခဲ့သော မိခင် တစ်ဦးက အသက်အရွယ် ငယ်ရွယ်သော ကလေးများသည် ငလျင်ဖြစ်ပွားပါက အမြန်ဆုံးဘေးလွတ်ရာသို့ ရှောင်တိမ်းရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ