ကျောက်ပန်းတောင်း ၃၀ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ခွေတောက်ကုန်းအုပ်စု လယ်ယားမြောက်ကျေးရွာသို့ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် မြန်မာရုပ်သံဇာတ်လမ်းတွဲ အဖွဲ့သားများမှ လယ်ယားမြောက်ကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်ကြီးတွင် ဆန်နှင့် ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် စာကြည့်တိုက်အတွက် အလှူငွေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် MRTV-4 ဆက်စပ်ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးရှုတင်အဖွဲ့သားများနှင့်အတူ ရန်ကုန်မြို့ အေဝမ်းစိန်ရွှေရတနာအရောင်းဆိုင်မှ လယ်ယားကျေးရွာအတွက် ဆန်တစ်တင်းခွဲအိတ် (၄၀)၊ အိမ်ထောင်စု (၂၅၀)အတွက် တစ်အိမ်လျှင် ဆန်သုံးပြည်နှင့် စကားဝါမြေစာကြည့်တိုက်အတွက် ငွေကျပ်(၅)သိန်း လှူဒါန်းကာ ကျေရွာသူ/ကျေးရွာသားများအတွက် ရွှေထည်ပစ္စည်းမျိုးစုံတို့အား ကံစမ်းမဲနှိုက်ပေးပြီး ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူမှ ငွေကျပ် (၇)သိန်းတန်ဖိုးရှိ သုတ/ရသစာအုပ်မျိုးစုံတို့အား လှူဒါန်းပေးခဲ့ကြောင်း စာကြည့်တိုက်တာဝန်ခံ ဦးတင်ဝင်းမှ ပြောပြသည်။
အဆိုပါ MRTV-4 ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးအဖွဲ့သားများသည် ဒါရိုက်တာ အကယ်ဒမီ ဇော်မင်းဦး ဦးဆောင်ကာ ကျောက်ပန်းတောင်းမြို့နယ် လယ်ယားမြောက်ကျေးရွာတွင် စာရေးဆရာမ ခင်ခင်ထူးရေးသားသည့် ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင် ဇာတ်လမ်းတွဲရိုက်ကူးနေပြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီခန့်စည်သူ၊ မင်းသမီး အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ သရုပ်ဆောင် ငှက်ပျောကြော်၊ မျိုးမျိုးခိုင်တို့ဖြင့် ပုပ္ပါးဒေသတဝိုက် အဆိုပါဇာတ်လမ်းတွဲအား လေးလကြာ ရိုက်ကူးသွားမည်ဖြစ်ကြောင်း အသံပိုင်းဆိုင်ရာ အကယ်ဒမီ သိန်းအောင်ထံမှ သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)


