အာရှငါးနိုင်ငံမှာ လာမည့်နှစ်မှစ၍ ကမ္ဘာ့စီးပွားရေးကို ကြီးစိုးတော့မည်ဟု သုတေသနသစ်တစ်ခုက ဆိုသည်။ အဆိုပါ အာရှနိုင်ငံများမှာ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။ Standard Chartered Bank မှ စီးပွားရေးပညာရှင် မာဒူဂျာနှင့် ဒေးဗစ်မန်း တို့ ထုတ်ပြန်ခဲ့သည့် သုတေသနတစ်ခုတွင် မြန်မာနိုင်ငံအပါအဝင် အာရှငါးနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ်များအတွင်း ခုနစ်ရာခိုင်နှုန်းအထိ ရောက်ရှိမည်ဖြစ်ကြောင်း ဘလွန်းဘတ်ဂျ် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဗီယက်နမ်နိုင်ငံမှာ အလျင်မြန်ဆုံးနှုန်းဖြင့် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံသားများ၏ လူတစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၀၄၀ဝ ထိ ရောက်ရှိနိုင်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးမှာ ဒုတိယ အလျင်မြန်ဆုံးနှုန်းဖြင့် တိုးတက်မည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မတိုင်မီ လူတစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆၉၀ဝ ရှိမည်ဟု စီးပွားရေးပညာရှင်များက မျှော်မှန်းသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် တတိယနေရာမှရှိပြီး လူတစ်ဦးချင်း ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅၇၀ဝ ထိ မြင့်တက်လာ မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံမှာ စတုတ္ထနေရာ၌ ရပ်တည်နေပြီး ၂၀၃၀ ပြည့်နှစ်မတိုင်မီ နိုင်ငံသားတစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅၄၀ဝ ထိရှိလာ မည်ဖြစ်သည်။ အဆိုပါငါးနိုင်ငံတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ပဉ္စမနေရာ၌ရှိနေပြီး လာမည့်ဆယ်စုနှစ်အတွင်း လူတစ်ဦးချင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄၈၀ဝ ထိ ရောက်ရှိမည်ဖြစ်သည်။

ပို့ကုန်များ တိုးမြှင့်တင်ပို့မှုမှတစ်ဆင့် အာရှထွန်းသစ်စ စီးပွားရေးနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်များ ပြည့်မီလာနိုင်ကြောင်း Standard Chartered Bank က ပြောကြားသည်။ အိမ်ခြံမြေအရောင်း အဝယ်သွက်လာမှုက အဆိုပါတိုင်းပြည်များတွင် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေဖွယ်ရှိသည်ဟု သုတေသီများက ပြောကြားသည်။ ပို့ကုန်ကဏ္ဍတွင် စက်မှုလုပ်ငန်း ထူထောင်ရေးကို ရည်မှန်းသည့် ထုတ်လုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများက ဒေသတွင်းစီးပွားရေးတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အာရှထွန်းသစ်စ စီးပွားရေးနိုင်ငံများကို မောင်းနှင်မည်ဖြစ်သည်။ ဂျီဒီပီ ၂၀.၂၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူများ၏ စုဆောင်း ငွများက ဒေသ၏ စီးပွားရေးတိုးချဲ့မှုတွင် မောင်းနှင်အားများ ဖြစ်လာမည်ဖြစ်သည်။ ဂျီဒီပီတိုးတက်မှုနှုန်း ခုနစ်ရာခိုင်နှုန်းမရှိသော အခြားအာရှ တိုင်းပြည်များက နဂိုနှုန်းအတိုင်း တိုးတက်နေမည်ဖြစ်သည်။ ကဏ္ဍအများအပြားတွင် ပြည်တွင်းဝယ်လိုအား ပိုမိုကောင်းမွန်မှုက တရုတ်နှင့် အရှေ့အာရှတိုင်း ပြည်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ခြောက်ရာခိုင်နှုန်းအထက် ရောက်ရှိစေမည်ဖြစ်သည်။

ပြီးခဲ့သောနှစ်နှစ်အတွင်း စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများက အာရှဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စေခဲ့သည်။ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခဲ့ပြီး စင်ကာပူ၊ တောင်ကိုရီးယား နှင့် မလေးရှားနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးတွင် အငြင်းပွားမှုများ ရှိနေလင့်ကစား အာရှနိုင်ငံများ၏စီးပွားရေးမှာ ပုံမှန် တိုးတက်မည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းခဲ့သည်။ စားသုံးမှုများ မြင့်တက်လာပြီး အခြားတိုင်းပြည်များမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုကြောင့် အာရှစီးပွားရေးမှာ ယခုနှစ်အတွင်း ၅ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တိုးတက်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ တာကဲဟီကိုနာကာအိုက ပြောကြားခဲ့သည်။

ကိုးကား -Business Times

ဘာသာပြန်-ကျော်ထိုက်စိုး