၁၉ ဇူလိုင်
ရေလှောင်ကန်များရှိ အရန်ရေများ အလွန့်အလွန် လျော့နည်းလာခြင်းနှင့် အတူ ယခုနှစ်ထူးထူးခြားခြား မိုးခေါင်မှု ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းအာဏာပိုင်များက သတိပေးပြောကြားထားသည်။
ဇန်နဝါရီ ၁ ရက်နေ့မှ ယခုချိန်ထိ မိုးရွာသွန်းမှုမှာ ပြီးခဲ့သည့် ၁၀ နှစ်က မိုးရေချိန် အချက်အလက်ကို ခြုံကြည့်ပါက ပျမ်းမျှမိုးရေချိန်ထက် လျော့ကျနေသည် ဟု ထိုင်းမိုးလေဝသဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ကိုနရာဝီ စီသီချီဗာပတ် (Kornrawee Sitthichivapak ) က ဆိုသည်။
နိုင်ငံ၏ အဓိကအကျဆုံးဖြစ်သော စိုက်ပျိုးသီးနှံ၊ ဆန်စပါး တို့ကို စိုက်ပျိုးသော မိုးရာသီတွင် ရေရှားပါး ခြင်းသည် လယ်သမားများအပေါ် ထိခိုက်မည်ဟု ဆိုကာ တာဝန်ရှိသူများက စိုးရိမ်ပူပန်ခဲ့ကြသည်။
အဓိကသီးနှံ စိုက်ပျိုးရာဒေသများတွင် တာတမံများအတွင်းရှိ အရန်ရေများသည် ပြီးခဲ့သည့်နှစ်က မိုးရေချိန်ထက် လျော့ကျနေသည် ဟု ရေအရင်းအမြစ် ရှာဖွေရေးအေဂျင်စီတစ်ခုက ဆိုသည်။
အချို့သောရေလှောင်ကန်များတွင် လက်ကျန်ရေ လုံးဝရှိတော့ပေ။
လာမည့်လ နှောင်းပိုင်းထိတိုင်အောင် မိုးခေါင်မှုများ ပိုမိုပြင်းထန်လာမည်ဟု တာဝန်ရှိသူများက ယုံကြည်ထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို