၂  ဧပြီ

 

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၁၁ နှစ်ပြည့်နှစ်ပတ်လည် နေ့အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအနီး၊ တိရစ္ဆာန်ဥယျာဉ်အတွင်း ယမန်နေ့က ကျင်းပသည်။

 

နှစ်ပတ်လည်အထိမ်းအမှတ် ဥယျာဉ်အတွင်း လာရောက်လည်ပတ်သူများအတွက် ဂိမ်းကစားပွဲများ၊ ကံစမ်းမဲ အစီအစဉ်များကိုလည်း ပြုလုပ်ခဲ့သည်။ ဆင်စီး၍ တိရစ္ဆာန်ဥယျာဉ်အတွင်း လည်ပတ်နိုင်သည်။ ဆင်လိမ္မာ ကပွဲများကို ပြသပေးရာ တစ်ဦးလျှင် ငွေကျပ်ကျပ် ၅၀ဝ၀ နှုန်းဖြင့် ဆင်စီးနင်းသူများလည်းရှိပြီး ဆင်လိမ္မာကပွဲကိုလည်း အထူး နှစ်ခြိုက် အားပေးကြသည်ကို တွေ့ရှိရသည်။

 

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ကို ၂၀ဝ၈ ခုနှစ် မတ် ၂၆ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ရာ ယခုနှစ် မတ် ၂၆ ရက်တွင် (၁၁)နှစ်ကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ကို လာရောက်ကြသည့် ပြည်သူများ အပန်းပြေပျော်ရွှင်စေရန်နှင့် ဗဟုသုတရစေရန်၊ ကျောင်းသား ကျောင်းသူများ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာ ပညာရပ်များ လေ့လာသင်ယူရာတွင် အထောက်အကူဖြစ်စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အထောက်အကူ ဖြစ်စေရန်၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းကို အထောက် အကူ ဖြစ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

တိရစ္ဆာန်ဥယျာဉ် အတွင်း လာရောက်လည်ပတ်သူများမှာ ဆင်စီးခြင်း၊ ပင်ဂွင်းငှက်၊ သစ်ကုလားအုပ်နှင့် ခြင်္သေ့ဖြူ ပြကွက်များကို စိတ်ဝင်စားမှု အများဆုံးဖြစ်ကာ ၁၁ နှစ်အတွင်း ထူးခြားမှုမှာ ပင်ဂွင်းငှက် သားပေါက်ခြင်းဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်အတွင်း လာရောက်အပန်းဖြေခြင်း အပြင် တိရစ္ဆာန်များ၏ နေထိုင်ပုံနှင့် အလေ့အထများကို သိရှိနိုင်ရန် ဗဟုသုတမျှဝေခြင်း အစီအစဉ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် အသိပညာပေး ဟောပြောပွဲများကိုလည်း ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

 

ဇင်ဦး (မြန်မာ့အလင်း)

 

Zin oo 002

 

Zin oo 003

Zin oo 004

Zin oo 005
 

Zin oo 006