ဆယ်ကျော်သက်လေးတွေအတွက် လိုက်နာစရာ လောကဝတ်ကလေးတွေ

၁၃ ဒီဇင်ဘာ

ကလေးတို့အားလုံး မင်္ဂလာပါနော်။ မမက ဒီတစ်ပတ်မှာ အသက် ၁၃ နှစ်ကနေ ၁၆ နှစ်အကြား ကလေးကြီးတွေလို့ ပြောလို့ မရတော့တဲ့ ဆယ်ကျော်သက်ကလေးတို့အတွက် လိုက်နာဖို့ကောင်းတဲ့ လောကဝတ် ကလေးတွေကို အနည်းငယ်မိတ်ဆက်ပေး ချင်ပါတယ်။ အမြဲတမ်း ကလေးတွေအတွက် ပြောပြပေးနေပေမယ့် တစ်ခါတစ်ရံမှာ ကလေးတွေလိုလည်း ဆော့ကစားချင်စိတ် မကုန်သေး၊ တစ်ဖက်မှာလည်း လူကြီး တစ်ယောက်ဖြစ်လာဖို့ ကြိုတင်ပြင်ဆင် နေကြရတဲ့ ကလေးတို့အတွက် ရည်ရွယ် ပြောပြလိုတဲ့အတွက် နိုင်ငံတကာက ဆယ်ကျော်သက်တွေအတွက် ရည်ညွှန်းထားတဲ့ အခြေခံလောကဝတ် ကလေးတွေအကြောင်းကို တင်ဆက်ပေးပါရစေနော်။ လူကြီးတွေနဲ့ တွေ့ဆုံတဲ့အခါ ကလေးတို့ဟာကျောင်းတွေမှာ၊ ဒါမှမဟုတ် အွန်လိုင်းက ပညာရေးဆွေးနွေးပွဲတွေမှာ နားထောင်ခွင့်ရတာ၊ ပါဝင်ဆွေးနွေး ခွင့်ရတာမျိုးတွေ စပြီးကြုံရနိုင်ပါပြီ။ အဲဒီလို လူကြီးတွေနဲ့ ချိန်းဆိုထားတာဖြစ်ဖြစ်၊ အချိန်ကိုက်တက်ကြရမယ့် အတန်းကို တက်တာဖြစ်ဖြစ် အနည်းဆုံး ၁၀ မိနစ်ကြိုတင် ရောက်ရှိနေဖို့ လိုပါတယ်။ အဲဒီလိုလူကြီးတွေနဲ့ တွေ့တဲ့အခါ ဗန်းစကားတွေသုံးတာမျိုးကို ရှောင်ကြဉ်ရမှာပါ။ လူကြီးတွေနဲ့စကားပြောနေချိန်မှာ ဖုန်းတွေအသုံးပြုနေတာ၊ ချိန်းဆို တွေ့ဆုံနေချိန် အစားအသောက်စားတာမျိုး ကိုလည်း ရှောင်ကြဉ်ရမယ်နော်။

ယဉ်ကျေးပါ လူကြီးတွေနဲ့စကားပြောတဲ့အခါ နာမည်တပ်ပြီး ခေါ်ဝေါ်တာမျိုး မလုပ်သင့်ပါဘူး။ အသက်အရွယ်ကိုလိုက်ပြီး အန်တီ၊ ဦးဦး၊ မမ၊ ကိုကို စသည်ဖြင့် ခေါ်ဝေါ်တာကလည်း ကလေးတို့ကို လိမ္မာတဲ့ကလေးဆိုတာ ပေါ်လွင်စေပါတယ်။ သူများနဲ့စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး ရှင်းရှင်းလင်းလင်း ယဉ်ကျေးစွာပြောဆိုတတ်ဖို့လည်း သတိထားပါနော်။ ကျေးဇူးတင်တဲ့အကြောင်း၊

တောင်းပန်စရာရှိတဲ့အခါမှာလည်း တောင်းပန် ပါတယ်ဆိုတဲ့အကြောင်းကို မှတ်မှတ်ရရ ပြောသင့်ပါတယ်။ အစားစားတဲ့အခါဖြစ်ဖြစ်၊ ထိုင်စရာရွေးချယ်ရာမှာဖြစ်ဖြစ် ကလေးတို့ဟာ လူကြီးတွေကို ဦးစားပေးပြီး နေရာချပေးသင့် တာကိုလည်း မမေ့သင့်ပါဘူးနော်။ အမူအရာ ကိုဂရုပြု ဆယ်ကျော်သက်ကလေးတွေက လူကြီးတွေလိုပဲ လူအချင်းချင်းဆက်ဆံရာမှာ လိုက်နာသင့်တဲ့ လောကဝတ်လေးတွေကို ဂရုပြုသင့်လာကြပါပြီ။ ဥပမာပြောရရင် လူတစ်ယောက်ကို တွေ့တဲ့အခါတစ်ကိုယ်လုံးကို ခြုံငုံပြီး လိုက်အကဲခတ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သူ့ကို မျက်နှာကနေ ခြေဖျားအထိလိုက်ပြီး ကြည့်တတ်တာကို မကြိုက်ကြဘူးဆိုတာ သတိပြုသင့်ပါတယ်။ နှုတ်ဆက်တဲ့အခါမှာ စိတ်ပါလက်ပါ ပြုံးပြနှုတ်ဆက်တာမျိုးကလည်း လူကြီးတွေက ပိုပြီးသတိပြုမိပြီး ချစ်ခင်နှစ်သက်လာစေပါတယ်။ စိတ်ပျက် လက်ပျက် အမူအရာ၊ ပျင်းရိတဲ့အမူအရာနဲ့ စိတ်မဝင်စားတဲ့အမူအရာတွေကို ရှောင်ရှားပြီး လူချစ်လူခင်ပေါတဲ့ ကလေးတွေအဖြစ် နေထိုင်ကြပါစေလို့ ကလေးတို့အတွက် မမက ဆုတောင်းပေးလိုက်ပါတယ်နော်။

မမမေ