ဆယ်လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲ အမေရိကန်ဒေါ်လာသန်း ၅၇၀ ကျော်ဖိုး တင်ပို့ထား

ရန်ကုန်   ၅    သြဂုတ် 


ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်အထိ ဆန်နှင့် ဆန်ကွဲမက်ထရစ် တန်ချိန်ပေါင်း ၁ ဒသမ ၈ သန်းကျော် တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာသန်း ၅၇၀ ကျော်ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။


ယင်းတင်ပို့မှုပမာဏမှာ နယ်စပ်နှင့် ပင်လယ်ရေကြောင်းနှစ်ခုလုံးမှ တင်ပို့ထားနိုင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှဆန်ကို တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း၊ COTE D’IVOIRE နှင့် MADAGASCAR နိုင်ငံတို့ကို အများဆုံးတင်ပို့ထားနိုင်ကာ ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ တရုတ်၊ နယ်သာလန်နှင့် UK နိုင်ငံတို့ကို အများဆုံးတင်ပို့ထားနိုင်ကြောင်း သိရသည်။


တရုတ်နိုင်ငံနှင့် နယ်စပ်နိုင်ငံများကို စုစုပေါင်းဆန် တင်ပို့သည့် ရာခိုင်နှုန်းအရ ၃၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ အီးယူဈေးကွက်နိုင်ငံများသို့ ၂၁ ဒသမ ဝ၃ ရာခိုင်နှုန်း၊အာဖရိက ဈေးကွက်နိုင်ငံများသို့ ၂၆ ဒသမ ဝ၄ ရာခိုင်နှုန်း၊ အခြားနိုင်ငံများသို့ ၂၀ ဒသမ ဝ၄ ရာခိုင်နှုန်းတင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။


“တင်ပို့မှုက ပုံမှန်လမ်းကြောင်းပေါ်တော့ ပြန်ရောက်လာပြီ။ အရင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ၃ ဒသမ ၅၈ သန်း တင်နိုင်တာကတော့ ထူးခြားဖြစ်စဉ်နဲ့ တအားတင်နိုင်ခဲ့တာ။ အခုကတော့ တရုတ်နိုင်ငံက ပိတ်ထားလို့ပြန်ပြီးလျော့သွားတာ။ အခုကတော့ နည်းနည်းတော့ပြန်ပွင့်လာပါပြီ။ အခုနှစ်က သုံးသန်းကျော်ဖို့တော့ ခဲယဉ်းတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယအမှုဆောင် အရာရှိချုပ် ဦးမြင့်လွင်က ပြောကြားသည်။


ယခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံဘက်က တရားမဝင် ကုန်သွယ်မှုများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသောကြောင့် မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံဘက်သို့ တင်ပို့မှု လျော့နည်းသွားသော်လည်း အီးယူဈေးကွက်နှင့် အခြားဈေးကွက်များကို ပုံမှန်အတိုင်း တင်ပို့နေခြင်းဖြစ်သည်။


တရုတ်နိုင်ငံ ဈေးကွက်ကိုလည်း ယခင်အတိုင်း ပြန်လည်တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန်နှစ်သန်းမှ နှစ်သန်းခွဲအထိသာ တင်ပို့နိုင်မည်ဟု ဆန်ကုန်သည်များကလည်း ခန့်မှန်းသုံးသပ်ထားကြသည်။


၂၀၁၄- ၁၅ ဘဏ္ဍနှစ်က ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ဒသမ ၈သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၄သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၇သန်းနှင့် ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းခန့်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။


သူရိန်ကျော်