ပုဂံ ၂၄ စက်တင်ဘာ
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်(ပုဂံ) ဒေသတစ်ဝိုက်တွင် ရိုက်ကူးလျက်ရှိသည့် ဆယ့်နှစ်ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကားကြီးအား ဝါရင့်အနုပညာရှင် သရုပ်ဆောင်များစွာဖြင့် စက်တင်ဘာလမှ စတင်ကာ ရိုက်ကူးလျက်ရှိကြောင်း ပရိုဂျူဆာ ဦးမင်းလဲ့ဦး ထံက သိရသည်။
အဆိုပါ ဆယ့်နှစ်ပွဲဈေးသည် ရုပ်ရှင်ဇာတ်လမ်းကို သမိုင်းဝင်ဘုရား၊ တန်ခိုးကြီးဘုရားတို့တွင် နှစ်စဉ်ခင်းကျင်းရောင်းချလေ့ရှိသည့် ဈေးသည်တွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ပုံဖော်ထားကာ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များကို လိုက်လံဈေးရောင်းချပုံများအား ယဉ်ကျေးမှု၊ ဒရမ်မာ၊ ဟာသ ရသစုံအောင် ပုံဖော်ရိုက်ကူး တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက် အငွေ့အသက်များ ပေါ်လွင်စေရန် ပုဂံဒေသအား ရွေးချယ်ရိုက်ကူးခြင်းဖြစ်ကာ သမိုင်းဝင် ဘုရားပွဲတော်ကြီးများ ကျင်းပချိန်တွင် ဆယ့်နှစ်ပွဲ ဈေးသည်များနှင့်အတူ မြန်မာ့ဇာတ်သဘင်ကိုလည်း မဖြစ်မနေ ထည့်သွင်းငှားရမ်း ပွဲထည့်လေ့ရှိကြောင်း၊ ဆယ့်နှစ်ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကားတွင် မနုဟာဘုရားပွဲကပြသည့် ဇာတ်သဘင်အား တစ်ညငှားကာ ဇာတ်သဘင်များ၏ တကယ့်လှုပ်ရှားမှုများအား အဆိုပါ ရုပ်ရှင်ကားတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပွဲဈေးတန်းကိုလည်း တကယ့်ပွဲဈေးတန်းကဲ့သို့ အာနန္ဒာဘုရားအပြင်ဘက် ကွင်းပြင်တွင် တည်ဆောက်ကာ ဈေးဆိုင်ခန်းမြောက်များစွာ ခင်းကျင်းပြီး ရိုက်ကူးနေကြောင်း၊ ပွဲတော်များတွင် မပါမရှိ ချား၊ ရဟတ်၊ ကလေးကစားကွင်းများကိုလည်း ပခုက္ကူမြို့မှ ငှားဆင်ကာ သဘာဝကျကျ ဝါရင့်အနုပညာရှင်များစွာဖြင့် ဒါရိုက်တာ ကိုဇော်အာရုံဦး က ပုံဖော်ရိုက်ကူးနေကြောင်း၊ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ရွှေမုံရတီ၊ ခင်လှိုင်၊ ကိုပေါက်၊ ဆင်မ၊ K-ညီတို့ဖြင့် ပါဝင်အားဖြည့် ရိုက်ကူးနေကာ တော်ဝင်မင်းသားလေး ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ကြောင်း ပရိုဂျူဆာ ဦးမင်းလဲ့ဝင်းက ပြောပြသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း).