နေပြည်တော် အောက်တိုဘာ ၁၂
ယနေ့ဆွေးနွေးပွဲသည် ပညာ ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရေးပါသော ပုဂ္ဂိုလ် များ၏ ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ မြို့နယ်ပညာရေးမှူးများ၏ စီမံခန့်ခွဲမှုအရည်အသွေးပေါ် မူတည်၍ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မြို့နယ်ပညာ ရေးမှူးသည် ပညာရေး ရည်မှန်း ချက်များ အောင်မြင်ပေါက်မြောက်အောင် အကောင်အထည်ဖော်ရာ တွင် အခရာဖြစ်ပါ ကြောင်း ဒုတိယ ဝန်ကြီးဦးဇော်ဝင်း က ပြောကြားသည်။
မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းက ထိုသို့ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မြို့နယ်ပညာရေးမှူးတစ်ယောက်သည် ကိုယ့်မြို့နယ် ပညာရေးတိုးတက်ရန်အတွက် အဓိကတာဝန်ရှိသူဖြစ်၍ မိမိကိုယ်ကို အရည်အသွေးမြင့်မားအောင် ဆောင်ရွက်သလို မိမိနှင့်အတူတွဲလုပ်ကြရသည့် ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ အရည် အသွေးမြင့်အောင် ဆောင်ရွက်ပေးရန်လည်းလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ သင်ကြား သင်ယူမှုကောင်းမွန်ရေးအတွက် ကျောင်းများတွင်သင်ကြားနေမှူများကို ကွင်းဆင်းကြည့်ရမည်ဖြစ် ပါကြောင်း၊ ပညာရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံချက်ရေးဆွဲပြီးဆောင်ရွက်ကြ ရန်လိုပါ ကြောင်း၊ မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ရေးဆွဲပါက ကိန်းဂဏန်းအချက်အလက် များက ယုံကြည်ကိုးစားနိုင်ရန် လိုအပ်ပါကြောင်း၊ ကျောင်းများ၏ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ပညာ ရေးဝန်ထမ်းများ၏အရည် အသွေးမြင့်မားရေး၊ စီမံခန့်ခွဲမှုပိုမိုအားကောင်းလားစေရေးတို့ ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ပညာရေးလုပ်ငန်းဆောင်ရွက်ရာတွင် မိဘပြည်သူများ၊ ရပ်ရွာ လူထုများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲ၏ ရည်ရွယ် ချက်ဖြစ်သည့် ပညာရေး ဝန်ထမ်းများ၏အရည်အသွေးမြင့်မားရန်၊ စီမံခန့်ခွဲမှုများပိုမို အားကောင်းလာ စေရန်အတွက် စုပေါင်း တိုင်ပင် ဆွေးနွေးဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ ဆွေးနွေးပွဲအပြီး မိမိတို့ တာဝန်ကျရာ ဒေသများသို့ရောက်သည့်အခါ မိမိတို့မြို့နယ်၊ ရပ်ရွာဒေသများ၏ ပညာရေး တိုးတက် မြင့်မားအောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မှ အောက်တိုဘာ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)