နေပြည်တော် ဒီဇင်ဘာ ၂၀
အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ Virtual စနစ်ဖြင့် ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အာဆီယံ + ၃ နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်များမှ ဒုတိယဝန်ကြီးများနှင့် ဒုတိယဥက္ကဋ္ဌများ စုံညီစွာတက်ရောက်ကြသည်။
အစည်းအဝေး ပထမပိုင်း Informal Session တွင် အာဆီယံ + ၃ ဒေသတွင်း နိုင်ငံများ၏ ၂၀၂၂ ခုနှစ်အတွက် စီးပွားရေးအခြေအနေ လေ့လာသုံးသပ်မှုများကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာဆီယံ + ၃ မက်ခရိုစီးပွားရေး သုတေသနရုံး (ASEAN+3 Macroeconomic Research Office-AMRO)ကလည်းကောင်း၊ ဒေသတွင်းရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ဘဏ္ဍာရေးအစီအစဉ်များ ခေါင်းစဉ်ဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်ကလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်ကြသည့် ဒုတိယဝန်ကြီးများနှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အစည်းအဝေး ဒုတိယပိုင်း Formal Session တွင် အာဆီယံ + ၃ မက်ခရိုစီးပွားရေး သုတေသနရုံးက ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို စုစည်းသုတေသနပြုမှုဆိုင်ရာ ဦးတည်ဆောင်ရွက်သွားမည့် နည်းဗျူဟာများ၊ ရုံးလုပ်ငန်းစဉ်များ၊ ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် ကာလလတ် အကောင်အထည်ဖော်ရေး စီမံချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အတည်ပြုခဲ့ကြသည်။
ထို့ပြင် ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာစေရေး လုပ်ငန်းစဉ်သဘောတူညီချက်အရ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများတွင် ဘဏ္ဍာရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်ပါက ဖြေရှင်းထောက်ပံ့နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်းသော လုပ်ငန်းဆောင်ရွက်မှု လက်စွဲကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် အတိုးနှုန်းမူဘောင် သတ်မှတ်ခြင်းများကို အစည်းအဝေး အစီအစဉ်အတိုင်း ဆက်လက်ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါအစည်းအဝေး၌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက COVID-19 ရောဂါပျံ့နှံ့မှုများ၊ စွမ်းအင်ဆိုင်ရာ ရေနံနှင့်လောင်စာဆီ အခက်အခဲများ၊ မြင့်တက်လာသော ကုန်စည်ဈေးနှုန်းများနှင့် ငွေဖောင်းပွမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း COVID-19 ကာလအလွန် နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၇ ရာခိုင်နှုန်းရရှိရန် မျှော်မှန်း ထားကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ပထမ (၆)လအပြီးတွင် စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးမြှင့် တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ခိုင်မာအားကောင်းပြီး အားလုံးပါဝင်သော စီးပွားရေးတိုးတက်မှုတွင် ပါဝင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံတကာ အသိုက်အဝန်းတွင် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တာဝန်ကျေပွန်သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပါဝင်ဆွေးနွေးပြောကြားခဲ့သည်။
အာဆီယံ + ၃ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးကို အာဆီယံနိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံဖြစ်ကြသည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယား သမ္မတနိုင်ငံ များတွင် အလှည့်ကျပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိရာ ယခုနှစ်အတွက် အိမ်ရှင်အဖြစ် အာဆီယံ နိုင်ငံများဖက်မှ ကမ္ဘာဒီးယားနိုင်ငံနှင့် အပေါင်းသုံးနိုင်ငံဖက်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံက Co-Chairs များအဖြစ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)