နေပြည်တော် အောက်တိုဘာ ၂၁
အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့်ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်း အဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ Virtual စနစ်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
အစည်းအဝေး၏ နံနက်ပိုင်း Informal Session တွင် နိုင်ငံတကာငွေကြေးရန် ပုံငွေအဖွဲ့ (IMF) ၊ အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံး (AMRO) နှင့် အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) တို့မှ တာဝန်ရှိသူများက ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် အာရှဒေသ စီးပွားရေးအခြေအနေများကို ခြုံငုံသုံးသပ်တင်ပြကြသည်။
ယင်းသို့တင်ပြရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးကို ဆက်လက်ထိခိုက်စေလျက်ရှိ ကြောင်း၊ ထုတ်လုပ်မှုကွင်းဆက် ယာယီပြတ်တောက်ခြင်းများကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့် တက်လျက် ရှိကြောင်း၊ ထို့ပြင် အစားအစာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းကလည်း ငွေကြေး ဖောင်းပွမှုနှုန်းကို မြင့်တက်စေလျက်ရှိကြောင်း၊ ယင်းအကျိုးဆက်များကြောင့် ပြည်သူ့ကြွေးမြီနှင့် ပုဂ္ဂလိက ကြွေးမြီများသည်လည်း သိသိသာသာမြင့်တက်လာလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံအသီးသီးတွင် စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း ကပ်ရောဂါသည် စီးပွားရေး ပြန်လည် ဦးမော့လာရေး ကြိုးပမ်းမှုများကို တုံ့နှေးစေလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံနိုင်ခြင်းသည် စီးပွားရေး ပြန်လည်ဦး မော့လာမှုအတွက် အဓိကအရေးပါလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ရာသီဥတု ပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်မှု၊ Cyber attacks နှင့် geopolitics များသည်လည်း စိန်ခေါ်မှုများအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ သို့ဖြစ်ရာ နိုင်ငံအလိုက် စီးပွားရေးပြန်လည် ဦးမော့ လာရေးကြိုးပမ်းမှုများကို သင့်လျော်သောမူဝါဒ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြ ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ စီးပွားရေး သည်လည်း ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့ရပါကြောင်း၊ ကမ္ဘာ့ဘဏ်၊ IMF, ADB နှင့် AMRO တို့၏ Macroeconomic Outlook Reports များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် သိသိသာသာ ကျဆင်းခဲ့သည်ကို ဖော်ပြထားပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို (၃ ဒသမ ၈) ရာခိုင်နှုန်း ရရှိရန် မျှော်လင့် ထားပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုနှင့် ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ချက်များအဖြစ် နိုင်ငံတွင်း ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ယင်းသို့ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များ ကြောင့် ယခုနှစ်ကုန်တွင် ကာကွယ်ဆေးထိုးခွင့်ရှိသူအားလုံး၏ ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကို ထိုးနှံပေးနိုင်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် COVID-19 Economic Relief Plan (CERP) ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ Myanmar Economic Recovery Plan (MERP) ကို ချမှတ်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ CERP နှင့် MERP တို့တွင် Stimulus Package များအဖြစ် ဝင်ငွေနည်း ပြည်သူ များအတွက် ထောက်ပံ့မှုများ၊ ပြည်သူ့ကျန်းမာရေးစနစ် တိုးချဲ့ဆောင်ရွက်မှု များ၊ ကာကွယ်ဆေးဝယ်ယူမှုများ၊ Quarantine Centres များသို့ ပံ့ပိုးမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံးခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်းသက်သာ သောချေးငွေများ ထုတ်ချေးမည့် အစီအစဉ်များ ပါဝင်ပါကြောင်း။
မြန်မာနိုင်ငံသည် လက်ရှိတွင် အရေးပေါ်ကာလကို ဖြတ်သန်းလျက်ရှိပြီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး၊ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးကိုလည်း စီးပွားရေးဦးတည်ချက်တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ IMF မှတင်ပြသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များ၊ AMRO မှ တင်ပြသည့် အဓိကဆောင်ရွက် သင့်သည့်နည်းလမ်းများ၊ ADB မှတင်ပြသည့် အာရှဒေသလယ်ယာ စိုက်ပျိုးရေးစနစ် အသွင်ပြောင်း ဆောင်ရွက်သင့်သည့် မူဝါဒများအတွက် ကျေးဇူးတင်ရှိကြောင်း၊ အဆိုပါအကြံပြုမူဝါဒနှင့် နည်းလမ်းများသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးပြန်လည်ဦးမော့လာရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကျင်းပသည့်အစည်းအဝေး Formal Session တွင် အာဆီယံ+၃ နိုင်ငံများ၏ မူဝါဒရေးရာကိစ္စရပ်များနှင့် အကောင်အထည်ဖော်မှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံမှသက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့သည်။
ယခုကျင်းပသည့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးမှ ဆွေးနွေး ဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်ကျင်းပမည့် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်အဝေးသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)