နေပြည်တော် မတ် ၁၀
လုပ်ငန်း (သို့မဟုတ်) လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာ ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၀)နှင့် (၄/၂၀၂၃) တို့နှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ် ကွပ်ကဲနိုင်ရေးအတွက် “နိုင်ငံပိုင်ကဏ္ဍ၊ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း (သို့မဟုတ်) လုပ်ငန်းစီမံကိန်းများ၏ ခန့်မှန်းစီမံကိန်းတန်ဖိုးပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်”ကို တပြေးညီဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် (၄၅/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ထားပြီး ယခုအခါ အဆိုပါအမိန့်ကို ပြင်ဆင်ဖြည့်စွက်သည့် အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၃)ကို ထပ်မံထုတ်ပြန်ခဲ့ကြောင်း။
ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို သေသေချာချာ နားလည်သဘော ပေါက်ရန်လိုကြောင်း၊ ဦးစီးဌာန/လုပ်ငန်းများအနေဖြင့် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်းများ၊ လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ကြရာတွင် ခန့်မှန်းတန်ဖိုးပြောင်းလဲ ဆောင် ရွက်ခြင်းနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်နိုင်ရန်အတွက် အမိန့်အကြော်ငြာစာအမှတ် (၄၅/၂၀၂၀) နှင့် (၄/၂၀၂၃) တို့တွင် ပါဝင်သည့်ညွှန်ကြားချက်များကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လာရောက်ရှင်းလင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို သိရှိနားလည်သဘောပေါက်ပြီး လိုက်နာဆောင်ရွက်မှသာ မှန်မှန်ကန်ကန်ဖြင့် လုပ်ငန်းပြီးမြောက် အောင်မြင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပရခြင်းမှာ စက်မှုဝန်ကြီးဌာန အရာထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သံမဏိစက်ရုံ စီမံကိန်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျအောင်မြင်အောင် ဆက်လက် ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အကူအညီများ ပံ့ပိုးကူညီပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေး မှူးတို့က ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ စာအမှတ် (၄၅/၂၀၂၀)နှင့် (၄/၂၀၂၃)တို့တွင် ပါဝင်သည့် အချက်တစ်ခုချင်းစီကို အသေးစိတ် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူ များ၏ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန် နေဂျာများ၊ စက်ရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
သတင်းစဉ်