ပွင့်ဖြူ ဩဂုတ် ၂၀

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် (VDP) စီမံကိန်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်း မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေကျပ် (၁၅)သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၄ ဒသမ ၂ သန်း စုစုပေါင်း ငွေကျပ် ၁၉ ဒသမ ၂ သန်းဖြင့် ကျေးရွာတွင်းလမ်း အရှည်ပေ ၆၄၀ အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု ၆ လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။ ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဩဂုတ် ၁၅ ရက်ကစပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ (၆၈)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် လိုအပ်သည့် နည်းပညာများကို ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေတို့ဖြင့် မင်းတဲကုန်းကျေးရွာ အပါအဝင် ကျေးရွာ(၁၂)ရွာတွင် မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်း (၇)ခုနှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း (၅)ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)