စီနာအီ ပြည်နယ်တွင် အီဂျစ်ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာ အကြမ်းဖက်သမား ၁၄ ဦး သေဆုံး

အီဂျစ်နိုင်ငံ အရှေ့မြောက်ပိုင်း စီနာအီ ပြည်နယ်မြောက်ပိုင်း အာရစ် မြို့တော်တွင် အီဂျစ်ရဲတပ်ဖွဲ့နှင့် အချိန်အတော်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက်သမား ၁၄ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

 

ထိုသို့ ရဲတပ်ဖွဲ့နှင့် အချိန်အတော်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် အကြမ်းဖက်သမား ၈ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့က ၎င်းတို့နောက်လိုက်လံ ပစ်ခတ်ခဲ့ရာ အားလုံးသေဆုံးခဲ့သည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။

 

အကြမ်းဖက်သမားများ ပိုင်ဆိုင်သည့် လက်နက်ခဲယမ်း အမြောက်အများကို တွေ့ရှိခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အီဂျစ်နိုင်ငံတွင် အကြမ်းဖက်အုပ်စုအဖြစ် မော်စီ၏ ညီနောင်များအုပ်စုကို လက်ရှိ နာမည်ပျက်စာရင်း သွင်းထားကြောင်း၊ မော်စီဖြုတ်ချခံရပြီးနောက်ပိုင်း စစ်တပ် အကြီးအကဲဖြစ်သည့် အီဂျစ်သမ္မတ အာဒယ်လ် ဖတ်တချ် အယ်လ်စီစီ က ကြေညာခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်သည့် စစ်ဆင်ရေးအတွင်း အီဂျစ်စစ်တပ်နှင့် ရဲတပ်ဖွဲ့က ရာချီသော အကြမ်းဖက်သမားများကို သတ်ဖြတ်ခဲ့ပြီး ထောင်ချီသော သံသယရှိသူများကို ဖမ်းဆီးခဲ့သည်ဟု သတင်းဖော်ပြထားသည်။

 

ကိုးကား ဆင်ဟွာ

ဘာသာပြန် မြင့်မြင့်ချို