ဟိုင်းကြီးကျွန်း ၂၇ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းရှိ ဒေသခံရေလုပ်ငန်းရှင် ဦးဘရွှေ၏ နေအိမ်၌ ယနေ့နံနက် ၁၁နာရီခန့်က ရေနံနှင့်သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တူးဖော်ထုတ် လုပ်မည့် ပင်လယ်ပြင်ရေနံလုပ်ကွက်(A6) နှင့်ပတ်သက်၍ National Fishery Expert ဦးခင်မောင်အေးနှင့် ARTELIA MYANMAR မှ လူမှုစစ်တမ်းကျွမ်းကျင်မှု နိုင်ငံခြားသားပညာရှင်အဖွဲ့က ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်ခြင်း ဆိုင်ရာကနဦးစစ်တမ်း ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဒေသခံရေလုပ်ငန်းရှင်တချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အဖွဲ့အစည်းအနေဖြင့် ယခုလ ၂၇ ရက်နေ့တွင် ဟိုင်းကြီးကျွန်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကံချိုင် ကျေးရွာအုပ်စု၊ မြို့သစ်ကျေးရွာအုပ်စုနှင့် ဇီးချိုင်ကျေးရွာများသို့ အဖွဲ့သုံးဖွဲ့ခွဲ၍ လူထုစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်ခြင်း ဆိုင်ရာကနဦး စစ်တမ်းကောက်ယူ ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဒေသခံရေလုပ်ငန်းရှင်တစ်ချို့နှင့် တွေ့ဆုံဆွေးနွေး ရခြင်းမှာ ၂၀၂၃ ခုနှစ်တွင် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာနှင့် ပုသိမ်မြို့နယ်၊ မကျီးစင်ကျေးရွာကြားရှိ ကမ်းခြေမှ ၂၅ မြို့ခန့်အကွာ ပင်လယ်ပြင်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်အမှတ် A6 အတွက် TOTAL MYANMAR ရေနံကုမ္ပဏီ၏ စီးပွားဖြစ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်ရန်အတွက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၊ စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ လူမှုရေးဆိုင်ရာ အချက်အလက်များ၊ ကျန်းမာရေးဆိုင်ရာအချက်အလက်များ၊ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ အချက်အလက်များ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
National Fishery Expert ဦးခင်မောင်အေးနှင့် ARTELIA MYANMAR မှ လူမှုစစ်တမ်းကျွမ်းကျင်မှု နိုင်ငံခြားသား ပညာရှင်အဖွဲ့က စစ်တမ်းကောက်ယူမှုက ရရှိလာသည့် အချက်အလက်များကို TOTAL MYANMAR ရေနံကုမ္ပဏီသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး ယင်းသတင်းအချက်အလက်များအပေါ် အစိုးရနှင့် ကုမ္ပဏီတို့အကြားညှိနိုင်းဆောင်ရွက်မှုများ ပြုလုပ်ပြီးမှသာ ၂၀၂၃ ခုနှစ်တွင် ပင်လယ်ပြင် လုပ်ကွက် A6 ၏ လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


