စီးပွားရေး အခွင့်အလမ်းကောင်းများကို ရယူ

နေပြည်တော် ၃၀ ဇန်နဝါရီ

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသည့် Invest Myanmar Summit 2019 အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက် နေ့တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပခဲ့ရာ စီးပွားရေးနယ်ပယ်ကဏ္ဍစုံမှ ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၏ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ပြောင်းလဲတိုးတက်နေသော ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းများကို မြင်တွေ့ခဲ့ရသည်။

အဆိုပါအခမ်းအနား ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “မိမိတို့၏ ပထဝီအနေအထား အားသာချက်၊ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လုပ်ခသက်သာမှုနှင့် မိမိတို့ပြည်သူများ၏ ကြီးမားသည့် စွမ်းပကားများသည် တစ်ချိန်က အနောက်နိုင်ငံများအနေဖြင့် အရှေ့နိုင်ငံများဆီသို့ ကမ္ဘာ့စီးပွားရေး ခွဲဖြာထွက်မှု ဖြစ်ပေါ်ခဲ့သကဲ့သို့ ပြန်လည်ပေါ်ထွန်းလာအောင် ဆောင်ကြဉ်း ပေးနိုင်မည့် အခွင့်အလမ်းများကို ဖမ်းဆုပ်ရန် အချိန်အခါကောင်းပင်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

နှစ်ရက်တာ ကျင်းပသည့် အခမ်းအနားမှ ရင်းနှီးမြှုပ်နှံမှု အလားအလာနှင့် အခွင့်အလမ်းများကို ဖော်ထုတ်ပြသနိုင်သည့် အဖိုးတန်သည့် အခွင့်အလမ်းများကို ရရှိကြလိမ့်မည်ဖြစ်သည်။ ထိုသို့ ဖော်ထုတ်ပြသနိုင်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးများပြီး နှစ်သက်ဖွယ် ကောင်းသည့် အတွေးအမြင်များကို ရရှိစေသဖြင့် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်၍ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုစိတ် ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

မြန်မာနိုင်ငံ၏ တည်နေရာသည် ပထဝီအနေအထားအရ အလွန် စိတ်ဝင်စားဖွယ်ကောင်းသည့် နေရာတွင်ရှိနေပြီး မဟာဗျူဟာအရ အလွန်အရေးပါသော ဈေးကွက်နေရာတစ်ခုဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့ကို ကုန်သွယ်ကူးသန်းဖြတ်သန်းရာ လမ်းဆုံနေရာတွင် ရှိနေခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင်စားဖွယ် အကြောင်းအချက်တစ်ခု ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံနှင့်အတူ တရုတ်၊ အိန္ဒိယနိုင်ငံကြီး နှစ်နိုင်ငံ၏ လူဦးရေ ၃ ဒသမ ၅ ဘီလီယံကျော်ရှိသည့် စားသုံးသူဈေးကွက်ကို ကိုယ်စားပြုထားသည်။

မြန်မာနိုင်ငံသည် စီးပွားရေးအရ အချက်အချာကျပြီး သင့်တင့်သော ဈေးကွက်ပမာဏကို ပိုင်ဆိုင်ထားသည့်အပြင် ဈေးကွက်များ တစ်နေ့တခြား ကျယ်ပြန့်နေသဖြင့် နိုင်ငံတကာဈေးကွက်နှင့် ဆက်သွယ် ချိတ်ဆက်လျက် အကျိုးဖြစ်ထွန်းအောင် အသုံးချနိုင်မည်ဖြစ်သည်။ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများရှိပြီး သဘာဝ သယံဇာတနှင့် သဘာဝဓာတ်ငွေ့များ ပေါများကြွယ်ဝသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်းရှိ ထိုင်းနိုင်ငံအရှေ့ပိုင်း စီးပွားရေး စင်္ကြံနှင့် ချိတ်ထားသည်။ ထို့အပြင် နိုင်ငံအများနှင့် ဆက်သွယ်နိုင်သော ပင်လယ်ရေလမ်းကြောင်းလည်း ရှိသည်။

မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးသော လိုအပ်ချက်ဖြစ်သည်။ အစိုးရနှင့် ပုဂ္ဂလိက လက်တွဲ ပူးပေါင်း၍ ဈေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာအောင် တွန်းအားပေးနေသည်။ မြန်မာနိုင်ငံတွင် မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အကောင်အထည်ဖော်နေပြီး အလားအလာကောင်းများ ရှိနေပြီ။ စိန်ခေါ်မှုများ ရှိနေသော်လည်း စီးပွားရေးမှာ တွန့်ဆုတ်သွားခြင်း မရှိချေ။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အသစ်အသစ် ပေါ်ထွက်လာသော စီးပွားရေး အခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲနေသော အချိန်အခါတွင် အစိုးရနှင့် ပုဂ္ဂလိက တက်ညီလက်ညီ လက်တွဲပူးပေါင်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပြီး ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။

ကြေးမုံ