ရန်ကုန် ၇ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီး အတွင်းရှိ မြေများကို စီးပွားရေး၊ စက်မှုလုပ်ငန်းလုပ်ကိုင်ရန်နှင့် လူနေထိုင်ရန်အတွက် မြေအသုံးပြုခွင့် လျှောက်ထားရမည့် လျှောက်လွှာများကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ရန်ကုန်အရှေ့ပိုင်း ခရိုင်စုပေါင်းရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းများဆောင်ရွက် နေမှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြို့တော်ဝန် ဦးမောင်မောင်စိုးက "မြေရောင်းပေးမယ်ဆိုတာက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က သေသေချာချာကော်မတီဖွဲ့ပြီး၊ စိစစ်ပြီး တချို့လူနေဖို့ အတွက် ပေ ၄၀× ပေ၆၀ မြေကွက်တွေ၊ စက်မှုလုပ်ငန်းလုပ်ဖို့အတွက် မြေကွက်တွေ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လူထုကို ကျွန်တော်တို့လက်ထက်မှာ ရောင်းနိုင်ခွင့်ရှိသော မြေကိုရောင်းပေးတာပါ။ အမြတ်အတွက်မဟုတ်ပါဘူး။ မြေမရှိတဲ့သူတွေ အိမ်ဆောက်ချင်တဲ့ သူတွေအတွက်ရည်ရွယ်ပြီး ရောင်းတာပါ’’ ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေစီမံခန့်ခွဲမှုကော်မတီက ပထမအကြိမ်အဖြစ် ရောင်းချရန် မြေကွက်ပေါင်း ၅၀ဝ ကျော် ရွေးချယ်ထားကြောင်း၊ အဆိုပါ မြေကွက်များသည် အသစ်ဖော်ထုတ်ထားသည့် မြေကွက်များမဟုတ်ဘဲယခင်ကာလက ဒဂုံလေးမြို့နယ်နှင့်လှိုင်သာယာ၊ ရွှေပြည်သာမြို့သစ်များဖော်ထုတ်ပြီးမြို့ပြစီမံကိန်းမြေအဖြစ် သတ်မှတ်ထားသော်လည်းယနေ့အချိန်အထိ မြို့ပြစီမံကိန်း လူနေအဆောက်အဦ အကောင်အထည် မဖော်နိုင်သေးသည့်အတွက် ကျန်နေသည့် တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေများဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးသန်းက "တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ စီမံခန့်ခွဲရေးကော်မတီ ဆိုတာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ထားပါတယ်။ အဲဒီ အဖွဲ့ကနေပြီးတော့ မြေကွက်တွေရောင်းချနိုင်ရေးအတွက် သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေကို ဒီနေ့ကစပြီး ရောင်းချပေးလျက်ရှိပါတယ်။ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးမှာ ဒီနေ့ကစပြီး လျှောက်လွှာတွေဝယ်ယူနိုင်ပါတယ်။ လျှောက်လွှာနဲ့အတူ နောက်မှာပူးတွဲ ထားတဲ့ စည်းကမ်းချက်တွေပါရှိပါတယ်" ဟု ပြောသည်။
ဆက်လက်၍ ၎င်းက "ဒီမြေတွေကို ယခင်ကာလက လျော်ကြေးတစ်စုံတစ်ရာ မပေးဘဲနဲ့ သိမ်းယူထားခဲ့တဲ့အတွက်ကြောင့် တစ်ချို့လယ်သမားတွေက ပြန်ပြီးတော့ ရလိုကြောင်း တောင်းတာရှိပါတယ်။ ဒါကိုလည်း ရန်ကုန်တိုင်းဒေသကြီးမှာ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီကနေ စိစစ်ထားတဲ့ အမှုတွဲပေါင်း ၃၀ဝ၀ ကျော်ရှိပါတယ်။ စက်တင်ဘာ ၂၈ ရက်က မူလလယ်သမားတွေကို မြေယာလျော်ကြေး ၆ ဒသမ ၉ ဘီလီယံကျော် လျော်ကြေးပေးပြီးဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘတ်ဂျတ်မှာ ၃၁ ဘီလီယံ လျော်ကြေးပေးဖို့ရှိပါတယ်။ မြေယာလျော်ကြေးပေးတဲ့အခါမှာ ပြန်လည်ပြီး ရရှိနိုင်ဖို့အတွက် ပိုနေတဲ့မြေကွက်တွေကို ပြန်လည်ရောင်းချခြင်းဖြစ်ပါတယ် ’’ ဟုပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေစီမံခန့်ခွဲမှုကော်မတီမှ မြောင်းတကာစက်မှုဇုန်တွင် စက်မှုမြေကွက်ဖော်ထုတ်ထားသည့် အကွက်ပေါင်း (၁၈၇) ကွက်အားဒုတိယ အဆင့်အနေဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် ဒဂုံဆိပ်ကမ်းနှင့်ဒဂုံအရှေ့ပိုင်းတွင်ရှိသည့် ယခင်ကာလက စံပြစိုက်ပျိုးရေးဇုန်ကြီးများအဖြစ် သတ်မှတ်ထားသည့် ဧက ၉၃၀ဝ ကျော်ရှိကြောင်း၊ ကုမ္ပဏီကြီးများကို ယခင် အစိုးရလက်ထက်ကတည်းက ဧက ၅၀ဝ၊ ဧက ၃၀ဝ စိုက်ပျိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ရန်ပေးထားကြောင်း၊ မြို့ပြစီမံကိန်းဆောင်ရွက်ရန်(လန-၃၉) ရရှိခဲ့ပြီးဖြစ်သော်လည်း မြို့ပြစီမံကိန်း အကောင်အထည်မဖော်နိုင်မီ စိုက်ပျိုးရေးဇုန်ကြီးများ အကောင်အထည်ဖော်ရာတွင် လုပ်ငန်းမအောင်မြင်သည့်အတွက် လူနေဇုန်များ၊ စီးပွားရေးဇုန်များ၊ စက်မှုဇုန်များ ပြန်လည်အကောင်အထည်ဖော်နိုင်ရန်အတွက် အဆိုပါ ကုမ္ပဏီကြီးများထံမှ မြေ ၈၀ ရာခိုင်နှုန်းကို အစိုးရက ပြန်လည်ရယူပြီး ၂၀ ရာခိုင်နှုန်းကို ကုမ္ပဏီများအား ပြန်လည်ပေးသွားမည် ဖြစ်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲက သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးသန်းက "တိုင်းဒေသကြီးအစိုးရ ရတဲ့မြေ ၈၀ ရာခိုင်နှုန်းကိုလည်းပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်တွေကို စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ၊ အိမ်ရာ စီမံကိန်းဇုန်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ရောင်းချပေးသွားမှာပါ။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကို စိစစ်ပြီးမှ ပြန်လည်ရောင်းချတာ ဖြစ်တဲ့အတွက် အပြည့်အဝအာမခံချက်ရှိပါတယ် ’’ ဟုပြောသည်။
မြေကွက်များရောင်းချရာတွင် မသမာမှုများ မဖြစ်စေရေးအတွက် တင်ပြလာ သည့်လျှောက်လွှာများအား စိစစ်ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လျောက်ထားသူ များအား ၎င်းတို့၏ ငွေကြေးရင်းနှီးမြှုပ်နှံနိုင်မှု အခြေအနေများကိုကြည့်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးထားသော အစိုးရမြေများ စီမံခန့်ခွဲမှုကော်မတီက စိစစ်ကာ ရောင်းချပေးသင့်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအား ရွေးချယ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ရွှေဝင်း)


