မြန်အောင် ၂၈ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်းအရ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ်မိုးရာသီတွင် အကောင်အထည်စိုက်ပျိုးခဲ့သော စီးပွားရေးကျွန်းစိုက်ခင်းဧက ၃၀၀ စိုက်ပျိုးအောင်မြင်ခဲ့ခြင်း အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီက မျှင်ဝါးတောင်ကြိုးဝိုင်းရှိ အဆိုပါစိုက်ခင်း ရှင်းလင်းဆောင်တွင် ကျင်းပသည်။

 

1

 

အဆိုပါ အောင်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ သစ်‌တောများ ပြန်လည်တည်‌ထောင် ထိန်းသိမ်း‌ရေးကို နိုင်ငံတော်အစိုးရက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ  (၁၀)နှစ်စီမံကိန်း ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ဌာန၀န်ထမ်းများသာမက ဒေသခံများ၏ စုပေါင်းအင်အားများဖြင့် ပူး‌ပေါင်းဆောင်ရွက်မှု‌များ‌ကြောင့် ပျက်စီးလျော့နည်းခဲ့ရသည့် သစ်တောများ‌နေရာတွင် ပြန်လည်အစားထိုး ထိန်းသိမ်းလာနိုင်ပြီး အောင်မြင်မှုရှိလာသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ၀န်ထမ်းများနှင့် ဒေသခံများကို ကျေးဇူးတင်ရှိပါ‌ကြောင်းနှင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခြင်း ထူထောင်းခြင်း လုပ်ငန်းများကို ဝိုင်း၀န်းဆောင်ရွက်သွားကြရန် တိုက်တွန်း‌ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို ရှင်းလင်းဆွေးနေပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးသန်းဌေးက သစ်တောများ ပြန်လည်တည်ထောင် ထိန်းသိမ်း‌ရေး ဆောင်ရွက်လျက်ရှိသည့် အ‌ခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ၀န်ထမ်းများ၊ သစ်တောစိုက်ခင်းအတွင်း သစ်တောထိန်းသိမ်းခြင်းနှင့်အတူ တောင်ယာလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လုပ်သားများအား သစ်တောဦးစီးဌာနက‌ ပေးအပ်သည့် လက်ဆောင်ပစ္စည်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် တာ၀န်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့‌ကြသည်။

 

2

 

မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းဖြင့် စီးပွားရေးကျွန်းစိုက်ခင်းဧက ၃၀၀ ကို စတင်စိုက်ပျိုးခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧက ၄၀၀ နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဧက ၃၀၀ စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း ဧက ၃၀၀ ကို ဆက်လက်စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထွန်းဇော်ထွန်း(မြန်မာစာ)