ဂျူဘား ၂၁ မေ
တောင်ဆူဒန်နိုင်ငံသည် လုပ်ငန်းလည်ပတ်စရိတ်များကိုလျှော့ချရန် ကမ္ဘာတစ်ဝန်းရှိ တောင်ဆူဒန်နိုင်ငံဆိုင်ရာ သံရုံး တချို့ကို ပိတ်သိမ်းမည်ဖြစ်ကြောင်း တောင်ဆူဒန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ဆင်ဟွာ သတင်းတစ်ရပ်က မေ ၂၀ ရက်တွင် ဖော်ပြထားသည်။
ပိတ်သိမ်းမည့် သံရုံးအရေအတွက်ကို မဆုံးဖြတ်မီ တောင်ဆူဒန်နိုင်ငံအစိုးရအနေဖြင့် ဒူဘိုင်းရှိကောင်စစ်ဝန်ရုံးတစ်ရုံးနှင့် တောင်ဆူဒန်နိုင်ငံဆိုင်ရာ သံရုံး ၃၉ ရုံး၏ အခြေအနေကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း တောင်ဆူဒန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာဝီယန်ကာကိုလ်အာရစ်ခ်က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ တောင်ဆူဒန်နိုင်ငံဆိုင်ရာ သံရုံးတချို့ပိတ်သိမ်းမည့် ရည်ရွယ်ချက်မှာ ပဋိပက္ခဒဏ်ခံစားနေရသော အရှေ့အာဖရိကနိုင်ငံတွင် စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေစဉ်အတွင်း လက်ရှိဆောင်ရွက်နေ သော သံတမန်ရေးဆိုင်ရာ မစ်ရှင်၏ ကုန်ကျစရိတ်များကိုလျှော့ချရန် ဖြစ်သည်။
တောင်ဆူဒန်နိုင်ငံသည် ကမ္ဘာတွင် ရေနံကိုသာ အများဆုံးအမှီပြုနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းနှင့် နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု၏ ၆၀ ရာ ခိုင်နှုန်းမှာ ရေနံဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။ တောင်ဆူဒန်နိုင်ငံသည်၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရ ပြီးနောက် ငွေကြေးဖောင်းပွမှုများ မြင့်တက်နေစဉ်အတွင်း ရေနံထုတ်လုပ်မှုသည် ၂၀၁၁ ခုနှစ်တွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၃၅၀ဝ၀ဝ ရှိခဲ့ရာ မှာ ၂၀၁၄ ခုနှစ်တွင်တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၃၀ဝ၀ဝ အထိ ကျဆင်းခဲ့ရသည်။ ထို့ပြင် ဒေသငွေကြေးဖြစ်သည့် တောင်ဆူဒန်ပေါင်၏ တန်ဖိုးကျဆင်းခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ ၏ ဈေးနှုန်းသည် သိသိသာသာ တက်လာခဲ့ကာ နိုင်ငံအတွင်းရှိ နိ်ုင်ငံသားများ ဘဝအခက်အခဲများ ဖြစ်ပေါ်စေခဲ့သည်။
ဆင်ဟွာ