နေပြည်တော် ဇွန် ၂၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၄ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ရုံးဆောက်လုပ်မည့် မြေနေရာအနီး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက မဟော်ဂနီပင်များနှင့် ရတနာတန်းဝင်ကျွန်းပင်များကို စိုက်ပျိုးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့များသည် အရာထမ်း၊ အမှုထမ်းများ သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် မိုးရာသီနှင့် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၂၀၀၊ ပျဉ်းကတိုးပင် ၁၅၀၊ မဟော်ဂနီပင် ၁၅၀၊ ဒန့်တလွန်ပင် ၅၀၀၊ မန်ဂျန်ရှားပင် ၁၀၀၀၊ တစ်ရှူးငှက်ပျောပင် ၂၀၀၊ ထိုင်ဝမ်သင်္ဘောပင် ၃၀၀၊ စိန်တလုံးသရက်ပင် ၈၅၀ နှင့် ဝါးပိုးဝါးပင် ၁၀၀၀ တို့ကို စိုက်ပျိုးခဲ့ကြောင်းနှင့် ယခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီပင်များနှင့် ရတနာတန်းဝင် ကျွန်းပင် စုစုပေါင်း ၂၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်