နေပြည်တော် ၂၄ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူး က ဝန်ကြီးဌာနသည် စျေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာဖြစ်ပေါ်စေပြီး ပြည်တွင်းပြည်ပ ကူးသန်းရောင်းဝယ်မှုမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရေရှည်စီမံကိန်းများ၊ စီးပွားရေးမူဝါဒများနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈ - ၂၀၂၃) တို့နှင့်အညီ ဆောင်ရွက်နေပါကြောင်း။
စတုတ္ထ (၁) နှစ်တာကာလအတွင်း အောင်မြင်မှုများအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုကဏ္ဍက ထုတ်လုပ်မှု တန်ဖိုးငွေကျပ် ၂၁၆၃၈ ဘီလီယံရှိပြီး စုစုပေါင်း ပြည်တွင်း ထုတ်ကုန်(GDP)၏ ၂၀ ဒသမ ၅၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ ကုန်သွယ်မှုကဏ္ဍ တိုးတက်မှုသည် ယခင်နှစ်ကထက် ပုံသေစျေးနှုန်းများအရ ၇ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပါကြောင်း၊ နိုင်ငံတကာကုန်သွယ်မှုအပိုင်းတွင် စတုတ္ထ (၁) နှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၀၂ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန်အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၆၃ ဘီလီယံ၊ သွင်းကုန်အပိုင်းတွင် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၀၅၈ ဘီလီယံနှင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉ ဘီလီယံအထိ လျော့ကျအောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်တစ်ခုဖြစ်သည့် ဆန်နှင့် ဆန်ကွဲသည် ပြီးခဲ့သည့် နှစ်တွင် တန်ချိန် ၂ ဒသမ ၃ သန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၇၀၀ ခန့် ရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင် တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင် တင်ပို့နိုင်မည့် မျှော်မှန်း ထားပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားသည့်အတွက် စားနပ်ရိက္ခာ လိုအပ်ချက် များပြားလာပြီး ဈေးကွက် အသစ်အချို့ကို ရရှိခဲ့ပါကြောင်း၊ မကြာမီက ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်ဒါကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တန်ချိန် ၇ သောင်းခွဲဝန်းကျင်ရရှိခဲ့ပါကြောင်း၊ မလေးရှားနိုင်ငံနှင့် အစိုးရအချင်းချင်း ရောင်းချရန် စီစဉ်ဆောင်ရွက် နေပါကြောင်း။
ဒုတိယအရေးကြီးသည့် သီးနှံသည် ပြောင်းဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုလည်း တိုးတက် လာသည့်အပြင် တရုတ်နိုင်ငံ ဈေးကွက်တစ်ခုတည်း သာမက ထိုင်းနိုင်ငံ ဈေးကွက်ကိုပါ ပိုမို တိုးချဲ့တင်ပို့လာနိုင်သည့်အတွက်ကြောင့် ပြီးခဲ့တဲ့နှစ်တွင် တန်ချိန် ၁ ဒသမ ၅၃ သန်းကျော် အထိ ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပဲမျိုးစုံအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၄ သန်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့ပါကြောင်း။
ပို့ကုန်အပိုင်းတွင် ထူးခြားသည့်တိုးတက်မှုတစ်ခုမှာ သစ်သီးဝလံ တင်ပို့ရောင်းချမှု မြှင့် တက်လာခြင်းဖြစ်ကြောင်း၊ စတုတ္ထ (၁) နှစ်တာအတွင်း ဖရဲသီး၊ သခွားမွှေး၊ သရက်သီးနှင့် ငှက်ပျောသီး စသည့် သစ်သီးဝလံများကို မက်ထရစ်တန်ချိန် ၁ ဒသမ ၇ သန်း တင်ပို့နိုင်ခဲ့ရာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်ထက် ၂၁ ရာခိုင်နှုန်း တိုးတက်လာပါကြောင်း၊ ကျွဲ၊ နွား အရှင်များ တင်ပို့ရောင်းချမှုကို တိုးတက်ဆောင်ရွက်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်အတွင်း ကျွဲ၊ နွား ကောင်ရေ (၅) သိန်းအထိ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ရေချိုငါးမွေးမြူရေးနှင့် ရေငန်ငါးမွေးမြူရေး အပိုင်းတွင် တိုးတက်လာသည့်အတွက် ရေထွက်ပစ္စည်းပို့ကုန်အနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းပို့ကုန် အမေရိကန်ဒေါ်လာသန်း ၇၀၀ တင်ပို့နိုင်ခဲ့ပါ ကြောင်း၊ စက်မှုကုန်ချောတင်ပို့မှုနှင့် CMP အထည်ချုပ်လုပ်ငန်း တင်ပို့မှုသည် တိုးတက်လာခဲ့ ပါကြောင်း၊ CMP အထည်ချုပ် လုပ်ငန်းမှ စတုတ္ထ (၁) နှစ်တာကာလအတွင်းတွင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၈၅ ဘီလီယံရရှိခဲ့ပြီး အခြားစက်မှုကုန်ချောပို့ကုန်များမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံရရှိခဲ့ပါကြောင်း။
ထို့ပြင် နိုင်ငံ၏ ပထဝီအနေအထားအပေါ်မူတည်ပြီး တစ်ဆင့်တင်ပို့မှု (Transit Trade) ကို ဝန်ကြီးဌာနအနေဖြင့် အားပေးဆောင်ရွက်ခဲ့ရာ ကျောက်ဖြူ - ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း မှတစ်ဆင့် သဘာဝဓာတ်ငွေ့ ဖြတ်သန်းတင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံအထိ ရရှိခဲ့ပါကြောင်း။
ပြီးခဲ့သည့်နှစ်အတွင်း သိသာသည့် ဆောင်ရွက်မှုတစ်ခုအနေဖြင့် နိုင်ငံခြားသား ကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများကို ပြည်တွင်းတွင် လက်လီ၊ လက်ကား ရောင်းချခြင်း ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း၊ ယခုနိုင်ငံသားပိုင် လုပ်ငန်းများ ဖြစ်သည့် စီးတီးမတ်၊ ဒဂုံဝင်းဝင်း၊ မက်ပကိုနှင့်လူဗီးယား စသည့် လုပ်ငန်းများအပြင် နိုင်ငံတကာ လက်ကားရောင်းဝယ်မှု လုပ်ငန်းများဖြစ်သည့် ဂျာမနီနိုင်ငံ မှ မက်ထရို၊ ထိုင်းနိုင်ငံမှ မက်ခရိုနှင့် ပရို-ဝမ်း၊ ဂျပန်နိုင်ငံမှ အေယွန်-အောရိမ်း စသည့် လက်ကားရောင်းချသော လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်လျက်ရှိကြပြီး ပြင်သစ်နိုင်ငံ အခြေစိုက် ကားဖိုး(Carrefour) တို့က လက်ကားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်လာသည်ကို တွေ့ရပါကြောင်း၊ ထိုကဲ့သို့ ခွင့်ပြုခဲ့မှုကြောင့် လက်လီလုပ်ငန်း(၇)ခု၊ လက်ကားလုပ်ငန်း (၅၄)ခုနှင့် လက်လီ/ လက်ကား ရောင်းချသည့် လုပ်ငန်း (၂၃) ခု ပေါ်ပေါက်လာခဲ့ပါကြောင်း။
နိုင်ငံထွက်ကုန်များကို အဓိကဈေးကွက်ရှိရာ နိုင်ငံများသို့ ပိုမိုတိုးချဲ့တင်ပို့ နိုင်ရေးနှင့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရန်အတွက် ပြည်ပနိုင်ငံ (၈) နိုင်ငံသို့ စီးပွားရေးသံမှူး (၁၀) ဦးကို စေလွှတ်ထားပြီး နောက်ထပ် (၄) နိုင်ငံသို့ စီးပွားရေးသံမှူး (၅) ဦးကို ထပ်မံစေလွှတ် သွားမည်ဖြစ်ပါကြောင်း၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ပြည်တွင်းကုန်စည်ပြပွဲများ ပြုလုပ်သည့် အပြင် ပြည်ပကုန်စည်ပြပွဲများတွင် ပါဝင်ပြသခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကုန်သွယ်မှုဗဟိုဌာန (၁၃)ခုဖွင့်လှစ် ပြီး ကုန်စည်ပြပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပလျက်ရှိပါကြောင်း။
စားသုံးသူ ကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး မကြာမီ ပြည်တွင်းတွင် ရောင်းချသည့် ကုန်စည်များကို ကုန်စည်အညွှန်းများတပ်ပြီး ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိရာ ကုန်စည် ၉၈၉၃ ခုအတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းကို စိစစ်အတည်ပြုပေးခဲ့ပါကြောင်း။
မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများသည် မျှတသည့်ဈေးနှုန်းရရှိရေးအတွက် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပါကြောင်း၊ ထိုအဖွဲ့သည် အခြေခံရည်ညွှန်းဈေး သတ်မှတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ဆန်စပါးနှင့်ပတ်သက်၍ အခြေခံ ရည်ညွှန်းဈေးကို တင်း ၁၀၀ လျှင် ငွေကျပ် ၅ သိန်းဖြင့် ဆောင်ရွက်ခဲ့ ပါကြောင်း၊ နိုင်ငံတော် အစိုးရက ဆန်စပါးဝယ်ယူရန် ငွေကျပ် ၁၅ ဘီလီယံချထားပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အခြေခံရည်ညွှန်းဈေး ငွေကျပ် ၅ သိန်း နှုန်းဖြင့် စပါးဝယ်ယူမှုများ ဆောင်ရွက်ခဲ့ပါကြောင်း။
အလားတူ ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုမှာ အထူးစီးပွားရေးဇုန် များဖြစ်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် မူဘောင်သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့ပြီး အစုရှယ်ယာဆိုင်ရာ စာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ပြီး ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးဆိုင်ရာ ကုမ္ပဏီထူထောင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုမ္ပဏီ၏ အခြေခံစည်းမျဉ်းကို အတည်ပြုခြင်းနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းတည်ဆောက် ရေးလုပ်ငန်းများကို မကြာမီ ဆက်လက်ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် နှင့်ပတ်သက်၍ ကနဉီးအဆင့် အကောင်အထည်ဖော်မှုတွင် ကြိုတင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး အီတာလျံထိုင်းကုမ္ပဏီနှင့် မြေငှားစာချုပ်ချုပ် ဆို၍ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာ - တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ထူထောင်ရန် ကချင်ပြည်နယ်တွင် ကန်ပိုက်တီ၊ ရှမ်းပြည်နယ်ရှိ မူဆယ်နှင့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ချင်းရွှေဟော် တို့တွင် ထူထောင်ရန် ကနဦးဆောင်ရွက်ခဲ့ပါ ကြောင်း၊ ပထမဦးဆုံး အကောင် အထည်ဖော်မည့် တရုတ်နိုင်ငံ ရွှေလီနှင့် မြန်မာနိုင်ငံ မူဆယ်အကြားတွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်ကို ထူထောင်ရန်အတွက် အောက်ခြေအကောင်အထည်ဖော်မည့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၂ ရက်တွင် အောက်ခြေအဆင့် ညှိနှိုင်းမှုများ ကျင်းပခဲ့ပါကြောင်း၊ မြန်မာဘက်မှ ပူးပေါင်းဆောင်ရွက်မှုဇုန် တည်နေရာသတ်မှတ် နိုင်ရန်အတွက် မကြာမီ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့နှင့် ကွင်းဆင်းတိုင်းတာမှုများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်-၁၉ ကူးစက်မှု အရေ အတွက် များပြား၍ နှစ်နိုင်ငံကုန်သွယ်ရေး ရပ်နားထားရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးအနေဖြင့် ယခင်ကထက် လျော့ကျနေသည်မှာ ကြာမြင့်နေပြီဖြစ်ပါကြောင်း၊ ကုန်သွယ်ရာတွင် မိမိတို့ ဘက်မှ ကုန်သည်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆိပ်ကမ်းများသို့ တက်ရောက်ခြင်းမရှိသည့် အတွက် ကုန်သွယ်မှုပြုလုပ်သည့်အတွက် ရောဂါကူးစက်မှု မရှိနိုင်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ သတင်းမီဒီယာများက ဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံ နှင့်ဆက်စပ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအခြေအနေ၊ နယ်စပ်၌ ဆောင်ရွက်နေ သည့် တရုတ် - မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံထုတ်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် ကန့်သတ်ခံရ မှုရှိပါက ဆောင်ရွက်သွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ကာလတွင် နယ်စပ်သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေသည့် ကုန်တင်ကားများအနေဖြင့် ကုန်တင်ပို့စရိတ် မြှင့်တက်နေမှု အခြေအနေ၊ ကိုဗစ်အလွန်ကာလ ကုန်ပစ္စည်းကူးသန်းရောင်းဝယ်မှုကို ပုံစံသစ်ဖြင့် ဆောင်ရွက်သွား ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ လုပ်သက် ၂၆ နှစ်ပြည့်သည့် ဝန်ထမ်းများနှင့် ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများကို မော်တော်ကား တင်သွင်းခွင့်ပေးမည့်အစီအစဉ်၏ လက်ရှိ အခြေအနေ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ ကနဦးစီမံကိန်းများ၊ နယ်စပ်စီးပွား ရေး ဇုန်ဖော်ဆောင်ရန် မြေပြင်ကွင်းဆင်းလုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ အတွက်ဆောင်ရွက်နေမှု အခြေအနေ၊ အရန် ဆန်နှင့် ဆီ ဝယ်ယူစုဆောင်းခဲ့မှု အခြေအနေ၊ နိုင်ငံပိုင် ဂိုဒေါင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းမှုပုံစံနှင့် လွှဲပြောင်းပေးခဲ့သည့် အရေအတွက်နှင့် နိုင်ငံပိုင် ဂိုဒေါင်များနည်းပါး လာသည့်အတွက် တွေ့ကြုံရသည့်အခြေအနေ၊ ကန်ပိုက်တီ နယ်စပ် စီးပွားရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက် နေမှုအခြေအနေ၊ တရုတ်နိုင်ငံဘက်မှ ကုန်တင်ကားများ ဝင်ထွက်သွားလာနေမှုနှင့် အခွန်ကောက်ခံမှု အခြေအနေ၊ ဈေးကွက်အသစ် များရှာဖွေနိုင်မှု ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
(သတင်းစဉ်)


