နေပြည်တော် ဧပြီ ၂၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် သွင်းကုန်တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုသည် အခြေခံကျသည့်အုတ်မြစ် တစ်ခုဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ကုန်သွယ်မှုကို ဆောင်ရွက်ရာတွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်၊ အထည်ချုပ်၊ စက်မှုကုန်ချော အစရှိသည့် ပို့ကုန်များကို တိုးမြှင့်တင်ပို့ပေးရန်ဖြစ်ပါကြောင်း၊ နိုင်ငံတကာစျေးကွက် ချဲ့ထွင်နိုင်ရေးအတွက် စီးပွားရေးသံမှူးများက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ရှေးရှုပြီး အင်တိုက်အားတိုက် ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် ပြည်ပမှ မဖြစ်မနေလိုအပ်သော ကုန်ကြမ်း များ၊ ဈေးကွက်အတွင်း မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို စနစ်တကျ စိစစ်တင်သွင်းနိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ ရွှေဝါရောင်ဆန်စက်နှင့် ဆန်သိုလှောင်ရုံ သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူ တစ်ဦးက ပြည်တွင်းဖြန့်ဖြူးရန်နှင့် ပြည်ပသို့ တင်ပို့ရန်အတွက် ဆန်များကြိတ်ခွဲနေမှုကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် စက်ရုံတွင် ဆန်အားသန့်စင်ခြင်း၊ အခြောက်အရောင်တင်ခြင်း၊ ဆန်ကွဲ ခွဲထုတ်ခြင်း၊ ရေနှင့်ထပ်မံအရောင်တင်ခြင်း၊ ဆန်အဆင့်အတန်း ခွဲခြားခြင်း၊ အရောင်ခွဲခြားခြင်းနှင့် ထုပ်ပိုးခြင်း လုပ်ငန်းစဉ်များနှင့် ပြည်ပသို့တင်ပို့ရန် သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့ သာဓုကန်စက်မှုဇုန်ရှိ Diamond Arrow General Trading Co., Ltd. ၏ နှမ်းသန့်စင် စက်ရုံနှင့် Bright Light Group Co., Ltd. ၏ ပဲမျိုးစုံ သိုလှောင်ရုံနှင့် ပဲသန့်စင်စက်တို့တွင် ပဲမျိုးစုံနှင့် နှမ်းသန့်စင်ခြင်း၊ အရွယ်အစားခွဲခြားခြင်း၊ အလေး ချိန်ရွေးချယ်ခြင်း၊ ခဲရွေးခြင်း၊ အရောင်ခွဲခြင်း၊ အရွယ်အစားရွေးခြင်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိရေးကို ဦးစားပေးဆောင်ရွက်ရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ အဆင့်မီပို့ကုန်များရရှိရေးအတွက် စက်ပစ္စည်းများအရည်အသွေး မြှင့်တင်သွားရန် မှာကြားသည်။

ထို့နောက် သာဓုကန်စက်မှုဇုန်ရှိ Shwe Me Group of Companies ၏ ပြောင်းသိုလှောင်ရုံ၌ ပြောင်းများသိုလှောင်ထားရှိမှုနှင့် ပြည်ပသို့တင်ပို့ရန် ပြင်ဆင်ထားရှိမှုကို လည်းကောင်း၊ ရွှေပြည်သာ မြို့နယ် ဝါးတစ်ရာစက်မှုဇုန်ရှိ Light House Enterprise Co., Ltd. Myanmar Standard Rubber - MSR-20 (Technically Specified Rubber - TSR-20) ထုတ်လုပ်နေမှုအဆင့်ဆင့်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်