ဒေါက်တာဝါဝါမောင်

ဘဝတစ်သက်တာ…. နှစ်တစ်ရာအခါ…. ကြိုဆိုပီတိဖြာ 

၁၉၂၄ ခုနှစ်မှစ၍ ဘောဂဗေဒဌာန (စီးပွားရေးပညာဌာန) (Department of Economics) ကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ပညာရပ်များ စတင်သင်ကြားပို့ချခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ်ဆိုလျှင် စီးပွားပညာ နှစ်တစ်ရာတိုင်ခဲ့ပြီ။ ယခု ကျင်းပဆောင်ရွက်နေသော ကြုံတောင့်ကြုံခဲ စီးပွားရေးပညာနှစ် (၁၀၀) အခမ်းအနားသို့ ဆရာသမား၊ စီးပွားရေးပညာ ညီအစ်ကိုမောင်နှမ ဦးရေ ၁၁၀၀ ကျော် တက်ရောက်လာကြပါသည်။ ဝမ်းသာပီတိများစွာဖြင့် ကြိုဆိုမိသည်။ တက်ရောက်လာသူ အားလုံးက မတွေ့မမြင်ရသည်မှာကြာသော ဆွေမျိုး သားချင်း သွေးရင်းများပမာ ဝမ်းသာဝမ်းနည်း ကြည်နူးသောမျက်နှာများဖြင့် အီကို အသွေးအသား တို့၏ ချစ်ခင်သွေးစည်းမှုကို မြင်ရသည့်မြင်ကွင်းက ဘဝတစ်သက်တာ အမှတ်ရစရာပါ။

လက်ဆင့်ကမ်းပေ…. စီးပွားပညာအမွေ 

အမိ စီးပွားရေးတက္ကသိုလ်ဆင်း ဆရာသမား ညီအစ်ကိုမောင်နှမများ ဆုံစည်းခွင့်ရရှိစေသော ဘဝတွင်ကြုံတောင့်ကြုံခဲနှစ် (၁၀၀) ပြည့် အခမ်းအနားကြီးကို စာရေးသူအနေဖြင့် ကျင်းပရန် အခမ်းအနား ပြင်ဆင်ခွင့်ရခြင်းသည် အမိစီးပွားရေး တက္ကသိုလ်ကြီးနှင့် ကျေးဇူးရှင် စီးပွားရေးပညာ ဘာသာရပ်ကို ကျေးဇူးဆပ်ခွင့်အဖြစ် ခံစားကြည်နူး ဝမ်းမြောက်မိပါသည်။ အမိစီးပွားရေးတက္ကသိုလ်ကြီးကြောင့် စီးပွားရေးပညာဖြင့် တိုင်းပြည်အတွက် ကျရာကဏ္ဍမှ အလုပ်အကျွေးပြုနိုင်သော ကျေးဇူး တရားက ကြီးမားလှသည် မဟုတ်ပါလား။
အခမ်းအနား ပထမရက်တွင် မတွေ့ဆုံရသည်မှာ ကြာပြီဖြစ်သော ဆရာကြီး ဆရာမကြီးများက အသက်အရွယ်ကြီးနေပြီဖြစ်သည့်တိုင်၊ ရဟန်း ဘောင်ဝင်ရောက်နေခဲ့သည့်တိုင် သံယောဇဉ်ဖြင့် အားတင်းကြိုးစား တက်ရောက်လာကြသော မြင်ကွင်းအရ အီကို အသွေးအသားများဖြင့် အားမာန် ရှိနေသည့်အလား မြင်တွေ့ရသည့်အတွက် မျက်ရည်များ လည်မိလောက်အောင် ပီတိဖြစ်မိသည်က အမှန်ပါ။ 

သူတို့၏ လက်ဆင့်ကမ်း စီးပွားပညာများကို ခံယူရရှိခဲ့သော ကျွန်မတို့ လူလတ်နှင့် လူကြီးအကြား အသက်အရွယ်တို့က စီးပွားရေးပညာ၏ ကျေးဇူးကြောင့် နိုင်ငံတော်တာဝန်၊ ဌာနတာဝန်၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတာဝန် စသည်ဖြင့် ကျရာကဏ္ဍက ပါဝင်ကြိုးစားဆောင်ရွက်လျက်ရှိကြသည်။  

နောက်မျိုးဆက်သစ်လူငယ် စီးပွားရေး တက္ကသိုလ်ဆင်း အများအပြားသည်လည်း စီးပွား ရေးပညာဖြင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍအသီးသီးတွင် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေးအတွက် စီးပွားပညာများဖြင့် ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ကြိုးစားလုပ်ဆောင်နေကြသည်။

သြဝါဒစကား ရင်ဝယ်မှတ်သားထား 

ကန်တော့ပွဲအခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာကြီး ဆရာမကြီးတို့၏ သြဝါဒစကားများတွင် စီးပွားရေးပညာသည် နိုင်ငံအတွက် အရေးပါပုံ၊ ဤကဲ့သို့ ဂုဏ်ယူဖွယ်ကောင်းသည့် စီးပွားရေးပညာဖြင့် နိုင်ငံနှင့် ပြည်သူအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြစေလိုကြောင်းနှင့် စိန်ခေါ်မှုများပြားလာသော မျက်မှောက်ခေတ်တွင် နိုင်ငံ့စီးပွားရေးကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် မျိုးဆက်သစ်တို့က လက်ဆင့်ကမ်း တာဝန်များကို စီးပွားရေးပညာဖြင့် ဆက်လက်ကြိုးပမ်းကြ စေလိုကြောင်း ပြောကြားချက်များသည် တပည့်များအတွက် ကြိုးစားချင်သည့် စိတ်ဓာတ်များ တဖွားဖွားဖြစ်ပေါ်စေပါတော့သည်။

အသက်အရွယ်အားဖြင့် ကြီးသော်လည်း အားမာန်အပြည့်ဖြင့် တပည့်များကို ချီးလည်းချီးကျူး၊ အားလည်းပေး၊ တွန်းအားလည်းပေး တက်ကြွနေဆဲ အီကိုစိတ်ဓာတ်အားမာန်အပြည့်ဖြင့် ပြောကြားသွားသည်ကို ရင်ဝယ်မှတ်သားထားမိပါသည်။ 

ယခုကျင်းပနေသော အခမ်းအနား၏ ဆောင်ပုဒ်မှာ “စီးပွားပညာနှစ် (၁၀၀) ပြည်သူ့အကျိုးတို့သယ်ပိုး” ဖြစ်ပြီး ထိုတာဝန်ကို အီကိုမျိုးဆက် သုံးဆက်တို့က ပခုံးပြောင်း ဆက်လက်တာဝန် ထမ်းဆောင်ကြရမည် ဖြစ်ပါသည်။ 

ထာဝရသွေးစည်းချစ်ကြည် နိုင်ငံ့စီးပွားမြှင့်တင်ကြမည် 

ယခု ကြွရောက်လာသော အီကိုကျောင်းဆင်း အင်အား ၁၀၀၀ ကျော်တို့သည် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသူများ၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်သူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ စွန့်ဦးတီထွင်သူများ၊ ပြည်သူကိုဝန်ဆောင်မှုပေးသူများ စသည်ဖြင့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျရာအခန်း ကဏ္ဍမှ ဆောင်ရွက်နေသူများဖြစ်သည်နှင့်အညီ ဆက်လက်၍ ထာဝရ သွေးစည်းချစ်ကြည် ညီညွတ်စွာဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ကြပါစို့လား။ ။