တီဟီရန်  ဖေဖော်ဝါရီ  ၁၂

 

အီရန်သမ္မတ အီဗရာဟင်ရေစီသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးရည်ရွယ်ကာ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် နိုင်ငံပိုင် သတင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

 

သမ္မတရေစီသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပေကျင်းသို့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ထွက်ခွာမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာန အိုင်အာရ်အင်န်အေက ပြောသည်။ နှစ်နိုင်ငံသမ္မတများသည် ဥဇဘက်ကစ္စတန်နိုင်ငံ၌ ပြီးခဲ့သည့် စက်တင်ဘာလက ပြုလုပ်ခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီး အစည်းအဝေးတစ်ခု၌ နောက်ဆုံးတွေ့ဆုံခဲ့ပြီး အီရန်သမ္မတက နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

 

တရုတ်နိုင်ငံခရီးစဉ်တွင် သမ္မတရေစီသည် သမ္မတ ရှီကျင့်ဖျင်နှင့် သီးသန့်တွေ့ဆုံကာ နှစ်နိုင်ငံ ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ရေးစာချုပ် စာတမ်းများတွင် လက်မှတ်ရေးထိုးသွားဖွယ်ရှိကြောင်း အိုင်အာရ်အင်န်အေက ပြောသည်။ အီရန် နှင့် တရုတ်နိုင်ငံတို့သည် အထူးသဖြင့် စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ် ကဏ္ဍများတွင် ခိုင်မာအားကောင်းသည့် စီးပွားရေး ဆက်ဆံမှုရှိသည်ဟု ဆိုသည်။

 

တရုတ်နိုင်ငံသည် အီရန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း အီရန် အကောက်ခွန် အာဏာပိုင်များ၏ ၁၀ လကြာ ကောက်ယူရရှိသော စာရင်းအင်းအချက်အလက်များကို ကိုးကား၍ အိုင်အာရ်အင်န်အေက ပြောသည်။ ပေကျင်းသို့ အီရန်နိုင်ငံ၏ ပို့ကုန်သည် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံရှိပြီး တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့သည်။

 

အေအက်ဖ်ပီ