မန္တလေး  ၃၀  မေ

Coronavirus Disease 2019 (Covid-19)ကြောင့် ဖြစ်ပါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှု များအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ စီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေများထုတ်ပေးလျက်  ရှိရာ မန္တလေးတိုင်းဒေသကြီးမှ ချေးငွေရရှိသူများစာရင်းနှင့် ချေးငွေထုတ်ယူနိုင်ရေး ဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ရမည့် ချိတ်ပိတ်အကြောင်းကြားစာများ လွှဲပြောင်းပေးအပ်ခြင်းကို မေ ၂၉ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် ရတနာပုံ စူပါစင်တာ၊ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးမှ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီမှ မန္တလေးတိုင်းဒေသကြီးအတွင်း လျှောက်ထားသည့် စီးပွားရေး လုပ်ငန်းရှင်များအတွက် ရရှိသည့်ချေးငွေ စာရင်း၊ ချေးငွေပမာဏနှင့် ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် ချိတ်ပိတ် အကြောင်းကြားစာများအား မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ  အသင်းဥက္ကဋ္ဌ ဦးကျော်မင်း၊ အတွင်းရေးမှူး ဦးဥက္ကာကျော်ထံလွှဲပြောင်း ပေးအပ်သည်။

 

မန္တလေးတိုင်းဒေသကြီးမှ ချေးငွေရရှိသူများ အနေဖြင့်ဘဏ်နှင့် ဆက်သွယ်ရမည့် ချေးယူခွင့်ပြုကြောင်း အကြောင်းကြားစာများအား ဇွန်(၁)ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးသို့ လုပ်ငန်းရှင်ကိုယ်တိုင် လာရောက်၍ မှတ်ပုံတင်မူရင်း၊ ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့ဝင် စာရင်းနှင့် လာရောက်ထုတ်ယူမည့် သူ၏ မှတ်ပုံတင်မူရင်း၊ SME လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းလိုင်စင်၊ လာရောက်ထုတ်ယူမည့်သူ၏ မှတ်ပုံတင်မူရင်း၊ ကိုယ်စားလှယ်လွှဲစာတို့ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

မောင်ပြည်သူ(မန္တလေး)