ရန်ကုန် ၁၃ မေ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေစဉ်အတွင်း တစ်ဖက်တစ်လမ်းမှ ကူညီသည့် အနေဖြင့် ရွှေပြည်သာမြို့နယ် အမှတ် ၃ ရပ်ကွက်၊ ၃/၁၆/ တိုးချဲ့ရှိ ပြည်သူများအား ယနေ့ညနေပိုင်းတွင် စီးပွားရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်း ကိုဗစ်-၁၉ ကူညီရေး သူငယ်ချင်းများက ဆန်၊ ဆီ၊ ဖယောင်းတိုင် နှင့် ငွေသားများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
“ကျွန်မတို့ ကိုဗစ်-၁၉ စဖြစ်တည်းက စီးပွားရေးတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်း ကိုဗစ်-၁၉ ကူညီရေး သူငယ်ချင်းများ စုပေါင်းပြီး ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးများကို PPE ဝတ်စုံ၊ နှာခေါင်းစည်းများ လှူဒါန်းခဲ့ပြီးပါပြီ။ အခြေခံလူတန်းစားများအတွက် ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိပါပြီ။ ဆက်လက်လှူဒါန်းသွားပါမယ်။” ဟုစီးပွားရေးတက္ကသိုလ် ကျောင်းသူဟောင်း ဒေါ်အေးအေးစိုးကပြောသည်။
အဆိုပါထောက်ပံ့ လှူဒါန်းမှုတွင် အိမ်ထောင်တစ်စုလျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဖယောင်းတိုင် တစ်ထုပ်၊ ငွေကျပ် ၁၅၀၀ ဖြင့် အိမ်ထောင်စုပေါင်း ၁၀၃ စုအား ထောက်ပံပေးအပ်ခဲ့ရာ တန်ဖိုးအားဖြင့် ငွေကျပ် သိန်း၂၀ ခန့်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် ၃ ရပ်ကွက် ၃/၁၆/ တိုးချဲ့အတွင်း အိမ်ထောင်စုပေါင်း ၁၃၅ စု ရှိပြီး အများစုမှာ လက်လုပ်လက်စားများ ဖြစ်ကြကြောင်း သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံအာကာစိုး


