စီးပွားရေးဝန်းကျင်ကောင်း ဖြစ်ထွန်းလာ

၃ ဧပြီ
 

 

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တုံ့ဆိုင်းနေရာမှ မကြာသေးမီကာလမှစ၍ ပိုမိုပွင့်လင်းလာသည်ကို တွေ့ရသည်။ ထိုသို့ပွင့်လင်းလာသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုခိုင်မာပြီး လုပ်သာကိုင်သာရှိသည့် ဝန်းကျင်တစ်ရပ်ဖြစ်အောင် ပြုပြင်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေသောကြောင့် ဖြစ်သည်။ နိုင်ငံတော်က စီးပွားရေးအထောက်အပံ့ကောင်းများ ဖြည့်ဆည်း ပေးနိုင်မှုကြောင့် ဒေသတွင်း ထုတ်ကုန်တန်ဖိုးမြင့်မားလာမှုကို ကမ္ဘာ့တန်ဖိုးကွင်းဆက်ထဲသို့ ရောက်အောင် ပိုမိုချိတ်ဆက် ဆောင်ရွက်ပေးနိုင်သောကြောင့်လည်း ဖြစ်သည်။

 

စီးပွားရေးပွင့်လင်းနေမှု ပိုမိုကောင်းမွန်စေရန်အတွက် ရေရှည်တည်တံ့သည့် ပြည်တွင်းဘဏ္ဍာငွေရရှိမှု လမ်းကြောင်းများ ဖြစ်လာစေရန်၊ အခွန်အကောက်စနစ်များ ခိုင်မာအားကောင်းလာစေရန်နှင့် အခွန်အခြေခံ သတ်မှတ်ချက်များ  ကျယ်ပြန့်လာစေရန် နိုင်ငံတော်က ဆက်လက်အားစိုက် ဆောင်ရွက်သွားမည်ဟု သိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်နေပြီး ဆက်လက်ရင်းနှီးမြှုပ်နှံမည့်သူများကိုလည်း ကြိုဆိုအားပေးနေသည်ကို တွေ့ရသည်။

 

နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာရေးတွင် ပို့ကုန်တန်ဖိုးမြင့်မားလာခြင်းသည် အဓိက အထောက်အပံ့ကောင်း ဖြစ်လာသည်။ ယခုကုန်ဆုံးခဲ့သော ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ပို့ကုန်ပမာဏ မြင့်တက်လာမှုကြောင့် ကုန်သွယ်မှုလိုငွေပြမှု သိသိသာသာကျဆင်းလာသည်ကို ကုန်သွယ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ယခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၉၁၂ဒသမ ၂၇၇ ရှိခဲ့ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း၁၅၃၉၈ ဒသမ ၂၁၀ ရှိသဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ၃ ဒသမ ၅ ဘီလီယံ ရှိသည်။ ယမန်နှစ်က ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ငါးဘီလီယံ ရှိသဖြင့် ယခုနှစ်တွင် ကုန်သွယ်မှုလိုငွေ ကျဆင်းလာသည်ကို တွေ့ရသည်။

 

ယခုနှစ်တွင် ပို့ကုန်တန်ဖိုးမြင့်မားလာခြင်းသည် ပြည်ပပို့ဆန် ယခင်နှစ်ကထက် မြင့်တက်လာ သောကြောင့်ဖြစ်သည်။ ယခုနှစ်တွင် ပဲမျိုးစုံတင်ပို့မှု ကျဆင်းလာခဲ့သော်လည်း ဆန်တင်ပို့မှု မြင့်တက်လာခြင်းသည် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖြစ်ထွန်းရန် အထောက်အပံ့ကောင်းဖြစ်စေခဲ့သည်။ လာမည့်နှစ်တွင် မြန်မာ့ပို့ကုန် ဆန်နှင့် ပဲမျိုးစုံအပြင် တစ်ဆင့်ခံ ပြန်လည်တင်ပို့ခြင်းလုပ်ငန်းများ များပြားလာမှု၊ သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာမှု၊ မိုက်ခရိုစီးပွားရေး မြှင့်တင်ပေးမှုတို့ကြောင့်သွင်းကုန်အစားထိုးနှင့် ပို့ကုန်လုပ်ငန်းများ တစ်စတစ်စ မြင့်မားလာပြီးကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချလာနိုင်မည် ဖြစ်သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ခြင်း၊ စိန်ခေါ်မှုမျိုးစုံနှင့် အဟန့်အတားများ ရှိနေခြင်းတို့ကြောင့် ပို့ကုန်ထက် သွင်းကုန်မှာများနေဆဲဖြစ်သည်။ ပို့ကုန်ထက် သွင်းကုန်မှာ များနေပါက ကုန်သွယ်မှုလိုငွေပြနေမည်ဖြစ်၍ ပို့ကုန်တန်ဖိုးကို မြင့်မားအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး သွင်းကုန်တန်ဖိုးကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် နိုင်ငံခြားကုန်ပစ္စည်းများကို လိုအပ်သလောက် သုံးစွဲကြရန်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များကို အရည်အသွေး မြင့်မားအောင် တိုးတက်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်တွင်းလုပ်ငန်းရှင်များ ပူးပေါင်း၍အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ မြင့်မားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမြင့်မားရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးတို့ကို ကြိုးပမ်းဖော်ဆောင်ရေးနှင့် ထုတ်ကုန်တန်ဖိုးများ မြင့်မားအောင် ကြိုးပမ်းအားထုတ်ပြီး ပြည်ပပို့ကုန် မြင့်မားလာအောင် ဆက်လက် အရှိန်အဟုန်မြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး မြင့်မားလာအောင် ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။