စီးပွားဥစ္စာကြွယ်ဝရေး ပို့ကုန်တွန်းအားပေး

၂၈  မေ

 

နိုင်ငံတစ်နိုင်ငံသည် ပြည်ပမှ ကုန်ပစ္စည်းများတင်သွင်းသော ပမာဏထက်ပြည်ပသို့ ပြည်တွင်းမှ ကုန်ပစ္စည်းများ တင်ပို့နိုင်မှု ပမာဏများလျှင်ထိုနိုင်ငံ ဝင်ငွေတိုးတက်ရရှိပြီး ချမ်းသာကြွယ်ဝသောနိုင်ငံ ဖြစ်လာသည်။ ထို့ကြောင့် နိုင်ငံများသည် ပြည်ပပို့ကုန် ပိုမိုတိုးတက်တင်ပို့နိုင်ရေး ကြိုးပမ်းကြသည်။

 

မြန်မာနိုင်ငံသည် ပို့ကုန်ထက်သွင်းကုန်များနေသောကြောင့် နှစ်စဉ်ဘဏ္ဍာရေးလိုငွေပြခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက သွင်းကုန်လျှော့ချပြီး ပို့ကုန်တိုးတက်မြင့်မားရေးကို နည်းလမ်းရှာဖွေဆောင်ရွက်လျက် ရှိသည်။ ပြည်ပသွင်းကုန်လျှော့ချနိုင်ရေးအတွက် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပံ့ပိုးပေးလျက်ရှိသည်

 

ယခုအခါ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် လယ်ယာကဏ္ဍ၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍ၊ ပို့ဆောင်ရေးနှင့်ကုန်သွယ်မှုကဏ္ဍတို့သည် ပါဝင်မှုရာခိုင်နှုန်း အများဆုံး ဖြစ်လာသည်ကို တွေ့ရသည်။ လယ်ယာထွက်ကုန်သည် ပြည်ပပို့ကုန်အများဆုံးအဖြစ် တိုးတက်လာသည်။

 

လယ်ယာထွက်ကုန်ပစ္စည်းများကို ယခင်ဘဏ္ဍာနှစ်ခြောက်လပတ်ထက် ယခုဘဏ္ဍာနှစ်ခြောက်လပတ်တွင် ပြည်ပသို့ ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့သည်။

 

ပြည်ပပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများကို ပြည်ပသို့ပိုမိုတင်ပို့နိုင်ခဲ့သည်။ပြည်ပကုန်သွယ်မှုပမာဏသည် ယခင်ဘဏ္ဍာနှစ် ခြောက်လတာကာလတူထက် ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၁၀၅၇ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီးသွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၅၃၄ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၂၃ သန်း ပိုမိုခဲ့သည်။

 

ထိုကဲ့သို့ ပြည်ပကုန်သွယ်မှုပမာဏတိုးတက်မှုသည် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကောင်းသောလက္ခဏာ ဖြစ်သည်။ ပြည်ပပို့ကုန်တိုးတက်ရေး၊ ပြည်ပသွင်းကုန်လျော့နည်းရေး ယခုထက်ပိုမိုအောင် ဆက်လက်ကြိုးပမ်း အားထုတ်နိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် အင်အားများ ဖြစ်လာမည်ဖြစ်သည်။

 

နိုင်ငံ၏အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည်စိုက်ပျိုးရေးနှင့် သားငါးထုတ်လုပ်ရေးဖြစ်၍ ယင်းကို ပိုမိုတိုးတက်ဖြစ်ထွန်းအောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။

 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ တွင်ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသောကဏ္ဍဖြစ်သည်။ ယခု ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော်ရှိခဲ့ပြီး အဆိုပါ ကုန်သွယ်မှုပမာဏငွေကြေးတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့်အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်ပါဝင်သည့်အတွက် ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ၈၄ ရာခိုင်နှုန်း ပါဝင်နေသည်။ယခုအခါ အာဖရိကသုံးနိုင်ငံသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်သည့် ဈေးကွက်သစ်များရရှိလာပြီး အခြားနိုင်ငံများသို့လည်း တိုးတက်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင်ရန်ကုန်တိုင်းဒေသကြီးရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်အပြင် တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုထုပ်ပိုး၍ ယူနန်ပြည်နယ်နှင့် ရှန်ဟိုင်းသို့ တိုက်ရိုက် တင်ပို့နိုင်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

 

ပြည်ပသွင်းကုန်လျှော့ချရေးတွင် နယ်စပ်ဒေသမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် တားဆီးထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းမှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် အားပေးကူညီလျက်ရှိသည်။

 

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ရေထွက်ပစ္စည်းမွေးမြူရေးဇုန်ကြီးကို တည်ဆောက်လျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံခြားဝင်ငွေရရှိရေးကို ဖော်ဆောင်မည် ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာပြီး ဓနဥစ္စာတိုးပွားရေးအတွက် ပြည်ပပို့ကုန် တိုးတက်တင်ပို့နိုင်ရန် လက်ရှိအားထားနေရသည့် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများကို ယခုထက်ပိုထုတ်လုပ်နိုင်အောင် အစိုးရနှင့်ပုဂ္ဂလိကလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ