၂၈ အောက်တိုဘာ
ဂျူဗင်တပ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ မနေ့က ဆေးစစ်မှုခံယူခဲ့ရာမှာလည်း ကိုရိုနာဗိုင်းရပ်စ် Positive ဆက်ဖြစ်နေဆဲဖြစ်တာကြောင့် မက်ဆီရဲ့ ဘာစီလိုနာအသင်းနဲ့ ယနေ့ညယှဉ်ပြိုင်မယ့်ပွဲမှာ ပါဝင်လာတော့မှာ မဟုတ်ပါဘူးဆိုတာ သေချာလို့ သွားခဲ့ပါတယ်။
စည်းမျဉ်းအရ ကစားသမားတစ်ဦးဟာ ကိုဗစ်-၁၉ရောဂါကူးစက်ခံထားရတယ်ဆိုရင် ပွဲမကန်ခင် ၂၄ နာရီအလိုမှာ ရောဂါပျောက်ကင်းသွားပြီ (Negative) ဆိုတဲ့ ဆေးအဖြေ ရရှိထားဖို့ လိုအပ်ပါတယ်။
ချန်ပီယံလိဂ်အုပ်စု (G) မှာ ဂျူဗင်တပ်နဲ့ ဘာစီလိုနာ တို့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာကြောင့် အားလုံးက စီရိုနယ်လ်ဒိုနဲ့ မက်ဆီတို့ ထိပ်တိုက် တွေ့ဆုံမှုကို ပြန်လည် ကြည့်ရှုရတော့မယ်လို့ မျှော်လင့်ခဲ့ပေမယ့် စီရိုနယ်လ်ဒိုရဲ့ ဆေးအဖြေက ကမ္ဘာတစ်ဝန်း ပရိသတ်တွေကို စိတ်ပျက် စေခဲ့တာဖြစ်ပါတယ်။ စီရိုနယ်လ်ဒို ရီးယဲလ်မှာကစားစဉ်က ကမ္ဘာ့အကောင်းဆုံးကစားသမား နှစ်ဦးအဖြစ် အများက သတ်မှတ်ထားတဲ့ စီရိုနယ်လ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးထိပ်တိုက်ရင်ဆိုင်တဲ့ ပွဲစဉ်တွေကို တစ်ရာသီမှာ အနည်းဆုံး နှစ်ပွဲတော့ ပရိသတ်တွေ ကြည့်ရှုခွင့် ရခဲ့ပါတယ်။ သို့ပေမယ့် စီရိုနယ်လ်ဒို ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်ရာသီလုံး မက်ဆီနဲ့ စီရိုနယ်လ်ဒိုတို့ ထိပ်တိုက်ရင်ဆိုင်မှုကို ပရိသတ်တွေ မြင်တွေ့ရခြင်းမရှိတော့သလို အယ်လ်ဂလက်စီကိုပွဲစဉ်ရဲ့ အရှိန်အဝါတောင် လျော့ကျသွားခဲ့ပါတယ်။
စီရိုနယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဝင်ရောက်ကစားနေစဉ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်ဆိုတဲ့ ဆေးအဖြေထွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကလပ်အသင်းရှိရာ အီတလီနိုင်ငံကို ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လာခဲ့ပြီး အီတလီ ကျန်းမာရေးဝန်ကြီး စပါတာဖိုရာကတော့ စီရိုနယ်လ်ဒိုအနေနဲ့ ကိုဗစ်-၁၉ရောဂါအတွက် ချမှတ်ထားတဲ့ အီတလီနိုင်ငံရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာခြင်း ရှိ၊ မရှိ ဆိုတာ စုံစမ်းနေတယ်လို့ ဆိုပါတယ်။ စီရိုနယ်လ်ဒိုအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတာကြောင့် အီတလီကျန်းမာရေးအာဏာပိုင်များရဲ့ ခွင့်ပြုချက် မရရှိဘဲ အီတလီနိုင်ငံအတွင်း ဝင်ရောက်ခွင့် မရှိပါဘူး။ စီရိုနယ်လ်ဒိုဟာ အီတလီကို ပြန်လာဖို့အတွက် အီတလီကျန်းမာရေးအာဏာပိုင်တွေနဲ့ ဆက်သွယ်ခဲ့ခြင်းရှိ၊ မရှိတာလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပေမယ့် ဝန်ကြီးကတော့ စီရိုနယ်လ်ဒိုဟာ စည်းမျဉ်းတွေကို လေးစားမှု မရှိခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။
ဂျူဗင်တပ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးဟာ ယခုပွဲစဉ်မတိုင်မီ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေကို အသီးသီးအနိုင်ယူနိုင်ခဲ့ပါတယ်။
မေလဲ့သင်း