စီရိုနယ်လ်ဒိုအား ဂျူဗင်တပ်အသင်းသို့ ရောင်းချခဲ့ခြင်းမှာ သမိုင်းဝင်အမှားဟုဆို

၁၈  ဇူလိုင်

ပေါ်တူဂီစူပါစတား စီရိုနယ်လ်ဒိုအား အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းသို့ ရောင်းချခဲ့ခြင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းက သမိုင်းဝင်အမှားတစ်ခုကို ကျူးလွန်မိတာဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည့် ရာမန်ကယ်လ်ဒါရွန်က ပြောကြားခဲ့သည်။

တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကိုးနှစ်ကြာကစားပေးခဲ့ပြီး ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀ဝ ဖြင့် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုကာ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ် အသင်းအတွက် သွင်းဂိုး ၄၅၁ ဂိုးသွင်းယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို လေးကြိမ်ဆွတ်ခူးပေးခဲ့သူဖြစ်သည်။ တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (ဘလွန်းဒီအောဆု)ကို ငါးကြိမ်အထိ ရယူဆွတ်ခူးနိုင်ခဲ့ပြီး များပြားသည့် လုပ်ခလစာဖြင့် ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ကာ ဂျူဗင်တပ်အသင်းတွင် အသက် ၃၇ နှစ်အရွယ်အထိ ဆက်ရှိနေမည်ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ကယ်လ်ဒါရွန်သည် ၂၀ဝ၉ ခုနှစ်အတွင်းက တိုက်စစ်မှူး စီရိုနယ်လ်ဒိုအား ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ ဖြင့် မန်ယူအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ခေါ်ယူခဲ့ရာတွင် အဓိက တာဝန်အရှိဆုံးဖြစ်ပြီး လက်ရှိတွင် စီရိုနယ်လ်ဒိုအား ဂျူဗင်တပ်အသင်းသို့ ရောင်းချခဲ့သည်မှာ အမှားတစ်ခု လုပ်ခဲ့ခြင်းဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။

“တိုက်စစ်မှူး စီရိုနယ်လ်ဒိုအား ရောင်းချခဲ့လို့ ရီးယဲလ်မက်ဒရစ်အသင်း ပေါင်သန်း ၁၀ဝ ဒါမှမဟုတ် တစ်ဘီလီယံပဲ ရနေပါစေ ဒါဟာ သတင်းကောင်းမဟုတ်ပါဘူး။ စီရိုနယ်လ်ဒိုလိုကစားသမားမျိုး နောက်ထပ်ရမှာမဟုတ်ပါဘူး။ အဲဒါကြောင့် အခုလိုရောင်းချခဲ့တာက သမိုင်းဝင်အမှားတစ်ခုပါပဲ”ဟု ကယ်လ်ဒါရွန်က ပြောကြားခဲ့သည်။

ငွေကြယ်