စီရင်ထုံးသမိုင်းကြောင်းဖြစ်စဉ်နှင့် ကိုးကားဖော်ပြရန် နည်းနိဿယ

မောင်စာဂ

 

စီရင်ချက်နှင့် စီရင်ထုံးတို့၏ သဘောသဘာဝကို တင်ပြပြီးနောက် စီရင်ထုံးတို့၏ သမိုင်းကြောင်း ဖြစ်စဉ်အကျဉ်းနှင့် စီရင်ထုံးများကို ကိုးကားဖော်ပြရန် နည်းနိဿယအနှစ်ချုပ်ကို ဆက်လက်မျှဝေပါရစေ။

 

စီရင်ထုံးအစဖြတ်ထုံးက

 

ရှေးမြန်မာမင်းများလက်ထက် ပုဂံခေတ်မှသည် နောက်ဆုံးကုန်းဘောင်ခေတ်အထိ ခေတ်ကာလအသီးသီးတို့၌ မြန်မာတရားစီရင်ရေးသည် ဝံ့ထည်စွာတည်ရှိလာခဲ့သည်။ မှုခင်းများစီရင်ရာ၌ ရာဇဝတ်မှုခင်းရှိသည်။ တရားမမှုခင်းရှိသည်။ ရာဇသတ်၊ ဓမ္မသတ်တို့နှင့်အညီ စီရင်ဆုံးဖြတ်ခဲ့သည်။ တရားသူကြီးရှိသည်။ တရားသူကြီးတို့၏ ဂုဏ်အင်္ဂါ သတ်မှတ်ချက်များ ရှိသည်။ ကျင့်ဝတ်များရှိသည်။ ထို့အတူ ရှေ့နေ၊ သက်သေတို့၏ ကျင့်ဝတ်၊ လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းသတ် မှတ်ချက်များရှိသည်။ နောက်ဆုံးကုန်းဘောင်‌ခေတ်တွင် များစွာသော ဥပဒေများကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ခေတ်အဆက်ဆက်တွင် တရားစီရင်ရေး ဆောင်ရွက်ဆုံးဖြတ်ချက်များကို ထုံးဖွဲ့ကာ ဖြတ်ထုံးဟူ၍ ထင်ထင်ရှားရှားရှိခဲ့သည်။ ရေစကြိုခုံတော်ဖြတ်ထုံးနှင့် သုဓမ္မာစာရီဖြတ်ထုံးတို့မှာ ဖြတ်ထုံးများစွာထဲမှ အထူးထင်ရှားသည့် ဖြတ်ထုံးများဖြစ်ခဲ့သည်။ ထို့ပြင် ဘုရင်မင်းမြတ်ကို မှူးမတ်ပညာရှိတို့ လျှောက်ထားပုံများ ထုံးဖွဲ့ထားသည့် လျှောက်ထုံးများလည်းရှိခဲ့သည်။ မဟာပညာကျော် လျှောက်ထုံး၊ လက်ဝဲနော်ရထာလျှောက်ထုံး၊ အယူတော်မင်္ဂလာလျှောက်ထုံး၊ ဦးပေါ်ဦးလျှောက်ထုံးတို့မှာ ထူးခြားလှစွာ သမိုင်းတင်ခံခဲ့ရသည်။

 

ဖြတ်ထုံးမှသည် စီရင်ထုံးဆီသို့

 

 

မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်၍ ၎င်းတို့၏လက်အောက်ခံ ကိုလိုနီနိုင်ငံအဖြစ် အုပ်စိုးခဲ့သည့်အချိန်ကစပြီး တရားစီရင်ချက်များကို စီရင်ထုံးအဖြစ်ထုံးဖွဲ့ထုတ်ပြန်လာခဲ့သည်။ ယနေ့အချိန်အထိပင်ဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက် ဖြတ်ထုံးများမှသည် စီရင်ထုံးများအဖြစ် ပေါ်ပေါက်လာခဲ့သည်။ စီရင်ထုံးများ ထုံးဖွဲ့ထုတ်ပြန်ခဲ့သည်ကို ခေတ်ကာလအပိုင်းအခြား သမိုင်းကြောင်းဖြစ်စဉ်အရ စီရင်ထုံးသမိုင်းကြောင်း ဖြစ်စဉ်ကလည်း လိုက်ပါပြောင်းလဲလာခဲ့သည်။

 

အင်္ဂလိပ်တို့အုပ်စိုးစဉ်ကာလ

 

အင်္ဂလိပ်တို့သည် ၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ရခိုင်နှင့် တနင်္သာရီ၊ ၁၈၅၂ ခုနှစ်တွင် အောက်မြန်မာပြည်၊ ၁၈၈၆ ခုနှစ်တွင် အထက်မြန်မာပြည်ကို သိမ်းပိုက်အုပ်စိုးခဲ့သည်။ မြန်မာနိုင်ငံကို ၁၉၃၅ ခုနှစ်အထိ အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ်လည်းကောင်း၊ ၁၉၃၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပြည်နယ်အဖြစ်မှ ခွဲထုတ်ကာ သီးခြားပြည်နယ်အဖြစ်သတ်မှတ်ကာ မြန်မာနိုင်ငံလွတ်လပ်ရေး ရသည်အထိ အုပ်ချုပ်ခဲ့သည်။ ယင်းကာလအတွင်း တရားစီရင်ရေးဆိုင်ရာ စီရင်ဆုံးဖြတ်ချက် စီရင်ထုံးများကို ဤသို့ ထုံးဖွဲ့ထုတ်ဝေခဲ့သည်။

 

 

၁၈၇၂ ခုနှစ်မှ ၁၈၉၂ ခုနှစ်အထိ ရွေးချယ်ထားသည့်စီရင်ထုံးများ (Selected Judgments) (၁၈၇၂-၁၈၉၂)ကိုလည်းကောင်း၊ ၁၈၉၁ ခုနှစ်မှ ၁၉၀ဝ ပြည့်နှစ်အထိ ပုံနှိပ်ပြီး စီရင်ထုံးများ (Printed Judgments) (၁၈၉၁-၁၉၀ဝ ) ကိုလည်းကောင်း၊ ၁၈၉၂ ခုနှစ်မှ ၁၉၂၂ ခုနှစ်အထိအထက်မြန်မာပြည်စီရင်ထုံးများ (Upper Burma Rulings) (၁၈၉၂-၁၉၂၂) ကိုလည်းကောင်း၊ ၁၉၀ဝ ပြည့်နှစ်မှ ၁၉၂၂ ခုနှစ်အထိ အောက်မြန်မာပြည်စီရင်ထုံးများ(Lower Burma Rulings)(၁၉၀ဝ-၁၉၂၂) ကိုလည်းကောင်း၊ ၁၉၂၃ ခုနှစ်မှ ၁၉၃၆ ခုနှစ်အထိ အိန္ဒိယစီရင်ထုံးများ (India Law Reports) (Rangoon Series)(၁၉၂၃-၁၉၃၆) ကိုလည်းကောင်း၊ ၁၉၃၇ ခုနှစ်မှ ၁၉၄၂ခုနှစ်နှင့် ၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်များအတွင်း ရန်ကုန်စီရင်ထုံးများ (Rangoon Law Reports) (၁၉၃၇-၁၉၄၂) နှင့် (၁၉၄၆-၁၉၄၇) ကိုလည်းကောင်း ပြုစုထုတ်ဝေခဲ့သည်။ ၁၉၄၂ ခုနှစ်နှင့် ၁၉၄၅ ခုနှစ်အထိ ဂျပန်ခေတ်ကာလတွင် စီရင်ထုံးများကိုမထုတ်ခဲ့ပါ။

 

 

၁၉၄၈ ခုနှစ်မှ ယနေ့အထိ

 

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မြန်မာနိုင်ငံတရားလွှတ်တော်ချုပ်စီရင်ထုံးများနှင့် မြန်မာနိုင်ငံတရားလွှတ်တော်စီရင်ထုံးများကို ပြုစုထုတ်ဝေခဲ့သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေးကောင်စီခေတ်ကာလတရားရုံးချုပ်ကို ဖွဲ့စည်းကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်တရားရုံးချုပ်၊ တရားစီရင်ထုံးများနှင့် အထူးရာဇဝတ်ခုံရုံးအယူခံအဖွဲ့စီရင်ထုံးများကို ပြုစုထုတ်ဝေခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကာလ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် တရားစီရင်ထုံးများကို ပြုစုထုတ်ဝေခဲ့သည်။ ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ခေတ်ကာလ တရားရုံးချုပ်ကို ပြန်လည်ဖွဲ့စည်းကာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားရုံးချုပ် တရားစီရင်ထုံးများစာအုပ်ကို ပြုစုထုတ်ဝေခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှယနေ့အချိန်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တ ရားစီရင်ထုံးများကို ပြုစုထုတ်ဝလျေက်ရှိသည်။ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံစီရင်ထုံးများ Myanmar Law ကို နှစ်စဉ်ထုတ်ဝေ လျက်ရှိသည်။

 

 

စီရင်ထုံးများ အကျဉ်းချုပ်ရေးသားပြုစုနည်း

 

ထုတ်ဝေထားသော စီရင်ထုံးများ၏ အကျဉ်းချုပ်ကိုဥပဒေပညာရှင်များက မြန်မာနိုင်ငံစီရင်ထုံးများအကျဉ်းချုပ်ဟူ၍ ရေးသားပြုစုထုတ်ဝေခဲ့သည်များလည်းရှိသည်။

 

ဥပဒေပညာရှင် Dunkley က (Digest of Burma Rulings by Dunkley) အတွဲ (၁) (၁၈၇၂-၁၉၂၂) နှင့် အတွဲ (၂) (၁၉၂၃-၁၉၃၇) တို့ကိုလည်းကောင်း၊ ဥပဒေပညာရှင် ဦးဘိုးသာက [Digest of Burma Rulings (Civil and Criminal) by U Po Tha]( ၁၉၃၇-၁၉၅၅) ကိုလည်းကောင်း၊ ဥပဒေပညာရှင် ဦးသိန်းဟန်က မြန်မာနိုင်ငံတရားစီရင်ထုံးပေါင်းချုပ် (ပြစ်မှုနှင့် တရားမ) (၁၉၅၆ မှ ၁၉၇၆) ကိုလည်းကောင်း ပြုစုထုတ်ဝေခဲ့သည်။ အခြားသောဥပဒေပညာရှင်များ ဖြစ်ကြသော ဦးဘသောင်းတင်၊ ဦးလှအောင်၊ ဦးလှကို၊ဦးမင်းဆွေ၊ ဦးမြင့်နိုင်၊ ဦးသန်းအောင် စသည်စသည်တို့ကလည်း နှစ်ကာလများပိုင်းခြားကာ ပြုစုထုတ်ဝေခဲ့သည်များလည်း ရှိသည်။

 

 

စီရင်ထုံးများကိုကိုးကားဖော်ပြရန်နည်းနိဿယ

 

တရားရုံးများလက်စွဲ ( တတိယအကြိမ်တည်းဖြတ်ခြင်း၊ ၁၉၇၉ ခုနှစ် ) အပိုဒ် ၃၃ တွင် စီရင်ထုံးများကိုကိုးကားဖော်ပြရန် နည်းနိဿယဟူ၍ အောက်ပါအတိုင်း

ဖော်ပြထားသည်-

 

စီရင်ချက်များတွင် စီရင်ထုံးများကို ကိုးကားဖော်ပြရာ၌ မှန်ကန်သောနည်းမှာ အမှုသည်တို့ အမည်များကိုစီရင်ချက်၏စာကိုယ်တွင် ဖော်ပြလျက် စီရင်ထုံး၏အတွဲနှင့် စာမျက်နှာတို့ကို အောက်ခြေမှတ်ချက်၌ ဖော်ပြရသည်။ ဥပမာအားဖြင့် မောင်သိန်းငွေနှင့် ဦးမောင်(၁ )။ဦးစံချိန်နှင့် ဒေါ်မ (၂) ဟူ၍ ဖော်ပြပြီး အောက်ခြေမှတ်ချက်၌ (၁) ၁၉၅၀ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်)၊ စာ ၁၅၅။ (၂) ၁၉၅၀ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး၊ (တရားလွှတ်တော်)၊ စာ ၂၄၀။ ဟူ၍ ဖော်ပြရသည်။

 

အိန္ဒိယစီရင်ထုံး(ရန်ကုန်မြို့ထုတ်)၊ ရန်ကုန်စီရင်ထုံးနှင့် မြန်မာနိုင်ငံစီရင်ထုံးတို့ကို ကိုးကားဖော်ပြရာ၌ အားလုံးသောတရားရုံးတို့တွင် နည်းနိဿယ တသမတ်တည်း လိုက်နာမှုရှိစေခြင်းငှာ အောက်ပါညွှန်ကြားချက်များကို လိုက်နာရမည်-

 

"အိန္ဒိယစီရင်ထုံး" ရန်ကုန်မြို့ထုတ်အတွက် ကိုးကားဖော်ပြရန်နည်းလမ်းမှာ စီရင်ထုံးခုနှစ်ကိုဖော်ပြီးနောက်တွင် "အိန္ဒိယစီရင်ထုံး" ဆိုသည့်စကား၊ အတွဲအမှတ် ရန်ကုန်ဆိုသည့် စကားနှင့်နောက်ဆုံး၌ စာမျက်နှာအမှတ်ကိုဖော်ပြရမည်။ ဥပမာအားဖြင့်၊ ၁၉၂၉ ခုနှစ်၊ အိန္ဒိယစီရင်ထုံး၊ အတွဲ ၅၊ ရန်ကုန်၊ စာမျက်နှာ ၁။ဘင်္ဂလားစီရင်ထုံးနှင့် ဘုံဘိုင်စီရင်ထုံးများပါ စီရင်ထုံးများကို ကိုးကားဖော်ပြလျှင် မြန်မာနိုင်ငံစီရင်ထုံးနှင့် ကွဲပြားခြားနာစေရန် ယင်းတို့ကို"ဘင်္ဂလားစီရင်ထုံး"နှင့် "ဘုံဘိုင်စီရင်ထုံး"ဟူ၍ ကိုးကားဖော်ပြရမည်။

 

၁၉၄၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှအစပြု၍ တရားလွှတ်တော်ချုပ်စီရင်ထုံးများနှင့် တရားလွှတ်တော်စီရင်ထုံးများကို စာမျက်နှာအမှတ် တသီးတခြားစီပေးထားခြင်းရှိသောကြောင့် "မြန်မာနိုင်ငံစီရင်ထုံး"ကို အောက်ပါအတိုင်း ကိုးကားဖော်ပြရမည်-

 

၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်ချုပ်) စာမျက်နှာ ၁။

၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်) စာမျက်နှာ ၁။

နှစ်တစ်နှစ်တည်းအတွင်း အတွဲတစ်တွဲထက်ပိုမိုလျှင် အတွဲအမှတ်ကို ခုနှစ်၏နောက်၌ တစ်ဆက်တည်း အောက်ပါအတိုင်းဖော်ပြရမည်-

၁၉၄၉ ခုနှစ်၊ အတွဲ ၁ မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်ချုပ်)၊ စာမျက်နှာ ၁။

၁၉၄၉ ခုနှစ်၊ အတွဲ ၁ မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်) စာမျက်နှာ ၁။

၁၉၆၂ ခုနှစ်၊ ဧပြီလမှစ၍ တရားရုံးချုပ်၏စီရင်ထုံးများကို အောက်ပါအတိုင်း ကိုးကားဖော်ပြရမည်-

 

၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး (တရားရုံးချုပ်)၊ စာမျက်နှာ ၁။

 

ရှေးစီရင်ထုံးများကို ယနေ့သုံးစွဲမှုရှိနေပါသလား

 

အင်္ဂလိပ်တို့အုပ်စိုးစဉ်ကာလနှင့် အိန္ဒိယစီရင်ထုံးများကို ယနေ့အထိတရားရုံးများက ကိုးကားအသုံးပြုလျက်ရှိသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ် အထိ ပြုစုထုတ်ဝေလျက်ရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တရားစီရင်ထုံးများကို လေ့လာရာတွင်အထက်မြန်မာပြည်စီရင်ထုံးများ၊ အောက်မြန်မာပြည်စီရင်ထုံးများ၊ ရန်ကုန်စီရင်ထုံးများ၊ အိန္ဒိယစီရင်ထုံးများ၊ ဘားမားလောတိုင်း(ဘီအယ်လ်တီ) နှင့် ဘားမားလောဂျာနယ် (ဘီအယ်လ်ဂျေ) စီရင်ထုံးများ စသည်တို့ကို ကိုးကားဆုံးဖြတ်ထားသည်များကို တွေ့ရသည်။

 

၂၀၁၄ ခုနှစ်ထုတ် တရားစီရင်ထုံးများ (တရားမမှုများ)၏ စာမျက်နှာ ၉၉ တွင် အတွဲ ၁၁၊ ၁၉၈၉ ခုနှစ် အာလာဟာဘက်၊ စာ ၃၅ စီရင်ထုံးကို ကိုးကားထားသည်။ ၂၀၁၇ ခုနှစ်ထုတ် တရားစီရင်ထုံးများ (တရားမမှုများ)၏ စာမျက်နှာ၁၃၉ တွင် အေအိုင်အာရ် ၁၉၅၁ ပတ္တနာ ၂၂၆ အမှုစီရင်ထုံးကို အကိုးအကားပြုထားသကဲ့သို့ စာမျက်နှာညွှန်းချက် (ကဗ) နှင့် ၁၈၂ တို့တွင် ဥပဒေပညာရှင် D.F Mulla၏ ဥပဒကျေမ်း ပုဒ်မ ၆၆ ဟူ၍ ဖော်ပြကိုးကားထားသည်ကိုလည်း တွေ့ရသည်။

 

မြန်မာနိုင်ငံစီရင်ထုံးများကိုသာ အဓိကထား၍ကိုးကားပါ

 

ဥပဒေကို အဓိပ္ပာယ်ကောက်ယူရာတွင် လမ်းညွှန်မှုလိုမှသာ ဆီလျော်ရာ မြန်မာနိုင်ငံစီရင်ထုံးတို့ကို သုံးသပ်ကိုးကားရမည်။ တစ်မှုနှင့်တစ်မှု ကြောင်းခြင်းရာ၊ မူခင်းဖြစ်မှုအခြေအနေ ထပ်တူညီတူသည်ဟု မဆိုနိုင်သဖြင့်စီရင်ထုံးတို့၏လမ်းညွှန်မှုကို ကောင်းစွာသောသတိဖြင့်သာ ခံယူရသည်။

 

တရားသူကြီးများသည် အခြားနိုင်ငံများမှ စီရင်ထုံးများကို လေ့လာကောင်းပါ၏။ သို့ရာတွင် မိမိတို့ရှေ့သို့ ရောက်လာသော မှုခင်းများကို စစ်ဆေးစီရင်ရာတွင်ကားမှုခင်းဖြစ်ပျက်ကာလ ဒေသအခြေအနေ၊ ပတ်ဝန်းကျင်လူနေမှုဓလေ့ထုံးတမ်း စသည်တို့ကို စစ်ဆေးဆင်ခြင်ကာ ဥပဒေဘောင်အတွင်းက မျှတမှန်ကန်၍ အများနားလည်သဘာဝကျသော တရားကို စီရင်အပ်ပေသည်။ အခြားနိုင်ငံများမှ စီရင်ထုံးများကို ရှေ့ထားကိုးကားလျှင် တရားစီရင်ရေးသည် မြန်မာပီသမည်မဟုတ်။ မြန်မာ့အခြေအနေနှင့်ကင်း၍ ပြည်သူနှင့် ဝေးဖွယ်ရာသာရှိသည်။

 

(ဦးအောင်ထွန်းသာနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ) ၁၉၆၉ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး (တရားရုံးချုပ်)၊ စာ-၅၈။

 

မှန်မှန်ကန်ကန်ကိုးကားခြင်း ရှိကြပါ၏လော

 

စီရင်ထုံးများကို ကိုးကားရာ၌ အထက်တွင်ဖော်ပြသည့် တရားရုံးများလက်စွဲအပိုဒ် ၃၃ နှင့်အညီ သုံးစွဲရန် မှန်ကန်ပါ၏လော။တရားရုံးများလက်စွဲအပိုဒ် ၃၃ တွင် ဖော်ပြထားသည်မှာ စီရင်ထုံးများ ကိုးကားရာ၌ ဆုံးဖြတ်ခဲ့သည့် ခုနှစ်၊ စီရင်ထုံးအမည်၊ စီရင်ဆုံးဖြတ်ခဲ့သည့် တရားရုံးအမည်နှင့် စာမျက်နှာနံပါတ်ကို ဖော်ပြရန်ဖြစ်သည်။လက်တွေ့ထုတ်ပြန်ထားသော တရားစီရင်ထုံးများကိုလေ့လာရာတွင် ခုနှစ်ကိုဖော်ပြသည်။ မြန်မာနိုင်ငံတရားစီရင်ထုံးဟူ၍ ဖော်ပြသည်။ ပြီးတော့ စာမျက်နှာဖော်ပြသည်။ ခုနှစ်အလိုက်ဆုံးဖြတ်ခဲ့သည့် တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်၊ တရားရုံးချုပ်၊ ဗဟိုတရားရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟူ၍ အများစုမှာဖော်ပြခြင်းမရှိပါ။ ဖော်ပြရာတွင်လည်း အချို့တွင်လွှတ်တော်ဟူ၍လည်းကောင်း၊ လွှတ်တော်ချုပ်ဟူ၍လည်းကောင်း၊ လွှတ်ချုပ်ဟူ၍ လည်းကောင်း ဖော်ပြသည်။ ယနေ့ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ဝေထားသည့် ၂၀၁၀ မှ ၂၀၁၈ အထိ စီရင်ထုံးများကို လေ့လာစိစစ်သင့်ပါသည်။

 

ကိုးကားမှု မမှန်ကန်ခဲ့လျှင်

 

စီရင်ထုံးများကို ကိုးကားရာ၌ မှန်ကန်ပြည့်စုံစွာဖော်ပြကိုးကားရန် လိုပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ဝေသည့် ၂၀၁၇ ခုနှစ် တရားစီရင်ထုံးများ (တရားမမှုများ) စာမျက်နှာ ၁၁၁ တွင်၁၉၅၃ ခုနှစ် အေအိုင်အာရ်၊ ရန်ကုန်၊ စာ-၄၁၉ (လွှတ်တော်ချုပ်) ဟူ၍ ကိုးကားထားသကဲ့သို့ ၂၀၁၆ခုနှစ် တရားစီရင်ထုံးများ (တရားမမှုများ) စာမျက်နှာ၅၀ တွင် အေအိုင်အာရ် ၁၉၅၃ ခုနှစ်၊ တရားလွှတ်တော်ချုပ်၊ စာ-၄၁၉ ဟူ၍ ဖော်ပြကိုးကားထားသည်။

 

ဖော်ပြပါစီရင်ထုံးနှစ်ခုမှာ တစ်ခုက ရန်ကုန်ဟုဖော်ပြထားသည်။ ကျန်တစ်ခုက ဖော်ပြမထားပါ။ သို့ရာတွင် ခုနှစ်နှင့် အမှုသည်များ စာမျက်နှာများတူညီသည်။ အေအိုင်အာရ်မှာ (All India Reports) အိန္ဒိယနိုင်ငံလုံးဆိုင်ရာ စီရင်ထုံးဖြစ်နေသည်။ ခုနှစ်က၁၉၅၃ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးဖြစ်သည်။

 

အေအိုင်အာရ် ၁၉၅၃ ခုနှစ် ရန်ကုန် စီရင်ထုံးကိုရှာသည်။ ရှာမရအခက်တွေ့ရသည်။ မိမိ၏အားနည်းချက်လည်းဖြစ်နိုင်ပါသည်။

 

သတိပြုကြရပါမည်

 

သတိပြုကြဖို့ အချက်တစ်ချက်ကျန်ပါသေးသည်။ ယနေ့မြန်မာနိုင်ငံတရားစီရင်ထုံးများကို ခုနှစ်အလိုက်နှစ်စဉ်ထုတ်ဝေလျက်ရှိရာ စာအုပ်တစ်အုပ်တည်းတွင် ရာဇဝတ်ဆိုင်ရာအမှုများနှင့် တရားမဆိုင်ရာအမှုများဟူ၍ အပိုင်းနှစ်ပိုင်းပါရှိသည်။ ၂၀၁၈ ခုနှစ်ထုတ် တရားစီရင်ထုံးစာအုပ်ဆိုလျှင် စာချွန်တော်ဆိုင်ရာအမှုများဟူ၍ အပိုင်းသုံးပိုင်းပါရှိနေသည်။ စာမျက်နှာချင်းမတူပါ။ တသီးတခြားစီပေးထားသည်။ ထို့ကြောင့် အောက်ပါအတိုင်း ကိုးကားဖော်ပြမှ ပို၍ပြည့်စုံမှန်ကန်မည်ဖြစ်သည်-

 

(၁) ၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (ရာဇဝတ်ဆိုင်ရာအမှုများ) (ပြည်ထောင်စု တရားလွှတ်တော်ချုပ်) စာ-၁

(၂) ၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (တရားမဆိုင်ရာအမှုများ) (ပြည်ထောင်စုတရားလွှတ်

တော်ချုပ်) စာ-၁

(၃) ၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (စာချွန်တော်ဆိုင်ရာအမှုများ) (ပြည်ထောင် စုတရားလွှတ်တော်ချုပ်) စာ -၁

 

မှန်ကန်ပြည့်စုံစွာ ကိုးကားကြစေလို

 

စီရင်ထုံးများအကျဉ်းကို ရေးသားပြုစုကြသည့် ဥပဒေပညာရှင်များသည် စီရင်ထုံးများကို ဖော်ပြရာ၌ ခုနှစ်နှင့် စာမျက်နှာကိုသာ ဖော်ပြကြသည်များလည်းရှိသည်။ သို့ရာတွင် တရားရုံးများတွင် ကိုးကားတင်ပြရာ၌ တရားရုံးများလက်စွဲ အပိုဒ် ၃၃ နှင့် ညီညွတ်ဖို့လိုသည်။ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ကိုးကားတင်ပြကြရန်လိုသည်။ သို့မှသာ ကိုးကားသည့် စီရင်ထုံးပါအနှစ်ချုပ်ကို အကျယ်ဖတ်လို၍ မူရင်းစီရင်ထုံးကို ရှာဖွေပါက လွယ်လွယ်ကူကူရှိကြမည်ဖြစ်ကြောင်းပါဗျာ။

 

- စီရင်ချက်များတွင် စီရင်ထုံးကိုးကားမှုမှန်ကန်ပါစေ၊

- တရားရုံးများ လက်စွဲပါ လမ်းညွှန်ချက်နှင့်လည်း ညီညွတ်ပါစေ၊

- မြန်မာ့တရားစီရင်ရေး မြန်မာပီသပါစေ။