ရန်ကုန်  ၂၇ မတ်

 

City mart Holding Co., ltd သည် မတ် ၂၅ ရက်နေ့တွင်  “ဈေးဝယ်သူ မိဘပြည်သူများအားလုံးအတွက် နေ့စဉ်မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်မှုမရှိစေဖို့နဲ့ မျှမျှတတ ဝယ်ယူနိုင်စေဖို့ ဝယ်ယူနိုင်မယ့် အရေအတွက်ကို ကန့်သတ်ထားပါတယ်ရှင်။ အားလုံးနားလည်ပေးပြီး ပူးပေါင်းပါဝင် ပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်” ဟူသည့် စာသားကို ၎င်းတို့ Facebook စာမျက်နှာနှင့် City Mart (စီးတီးမတ်) ဆိုင်ခွဲများတွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ 

 

ဈေးဝယ်ယူခြင်းအား ယခုကဲ့သို ကန့်သတ်ရောင်းချရခြင်းအပေါ် စီတီးမတ်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက “မတ်လ ၂၅ ရက်နေ့ကစတင်ပြီး ကျွန်မတို့ရောင်းချတဲ့အခါမှာ တစ်ဦးချင်းကို ဘယ်လောက်ပဲရောင်းချမယ်ဆိုတာ သက်မှတ်ထားတာ ရှိတယ်။ အဓိကကတော့ အခြေခံလူသုံးကုန်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်တွေ ကန့်သတ်တာပါ။ ဘာကြောင့် ကန့်သတ်တာလဲဆိုတော့ သိတဲ့အတိုင်းပါပဲ Panic Buying (အထိတ်တလန့်ဝယ်ယူခြင်း) လုပ်တာ နှစ်ကြိမ်ရှိပြီဆိုတော့ Food Security  အရရော၊ Operation ကိုလည်း ချောမွေ့အောင် ကန့်သတ်မှုတစ်ခုထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။ 

 

စီတီးမတ်ဆိုင်ခွဲများတွင် COVID-19 ကြောင့် အထိတ်တလန့်ဝယ်ယူမှုများ မပြုလုပ်ရန်၊ သတင်းမီဒီယာများနှင့် ပြည်သူများသိရှိလိုသည့် မေးခွန်းများကို မကြာခင် ထုတ်ပြန်ကြေညာချက်ထုတ်၍ ကြေညာပေးသွားမည်ဖြစ်ကြောင်း City mart Holding Co., ltd မှ သိရသည်။ 

 

စီးတီးမတ်ဆိုင်ခွဲများတွင် ကုန်ပစ္စည်းများ ပြတ်တောက်မှုမရှိစေရန် စီစဉ်ထားရှိမှုနှင့် ပတ်သက်၍ City mart Holding Co., ltd ၏ Group Corporate Affairs Director  ဦးဝင်းမြင့်အောင်က “ကုန်ပစ္စည်းတွေ မပြတ်ပါဘူး။ ဈေးလည်း မတက်ပါဘူး။ ဈေးကစားမှုလည်း မရှိနိုင်ပါဘူးဆိုပြီး ကျွန်တော်တို့ Social မီဒီယာမှာ ရှင်းပြထားတယ်။ စင်ပေါ်မှာ ခင်းထားတဲ့ ပစ္စည်းအချို့ မမြင်ရတော့ဘူး။ အမြင်မှာ ပစ္စည်းတွေပျောက်သွားတယ်။ နောက်နေ့တွေ ကျွန်တော်တို့ ပုံမှန်ပြန်ဖွင့်နိုင်တယ်။ ပုံမှန်ပြန်သွားနိုင်တယ်။ နောက်တစ်ခု ကျွန်တော်တို့  Suppliers (ကုန်ပစ္စည်းသွင်းတဲ့သူတွေ) ကို အခြေခံစားသောက်ကုန်တွေ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ အိမ်တွေမှာမရှိမဖြစ်တဲ့ ပစ္စည်းတွေကို မပြတ်အောင် သူတို့ဆီက စဉ်ဆက်မပြတ်ရနေအောင် ကျွန်တော်တို့ဆီကအဖွဲ့တွေက ဆွေးနွေးပြီး ဆောင်ရွက်ထားတာ တွေရှိပါတယ်” ဟုဖြေကြားထားသည်။ 

 

စီးတီးမတ်ဆိုင်ခွဲများတွင် ယခုကဲ့သို့ ကန့်သတ်ရောင်းချသည့် အချိန်ကာလကို အတိအကျပြောပြနိုင်ခြင်း မရှိသေး သော်လည်း အခြေခံကုန်ပစ္စည်းများ ပြတ်တောက်မှုမရှိစေရန် စီစဉ်ဆောင်ရွက်ထားကြောင်း စီးတီးမတ်ရုံးချုပ်မှ သိရသည်။ 

 

ရန်ကုန်မြို့တွင် စီးတီးမတ် ဆိုင်ခွဲပေါင်း ၄၀ ကျော်ရှိပြီး အိမ်အရောက်ဝန်ဆောင်မှုပေးသည့် City Mall Online ဝန်ဆောင်မှုစနစ်လည်း ရှိသည်။ 

 

City mart Holding Co., ltd.၏ Marketing Directorအန်နာ ပူနောင်(ဂ်)ဘာရန်က “ပြီးခဲ့တဲ့ အပတ်ကစလို့  ကျွန်မတို့အနေနဲ့ အွန်လိုင်းအော်ဒါတွေ ပိုများလာတာ တွေ့နေရပါတယ်။ အဲဒီအတွက် လုပ်ငန်းစဉ်နယ်ပယ်တိုင်းမှာ ကျွန်မတို့ရဲ့ စွမ်းဆောင်ရည်ကို ထပ်တိုးမြှင့်တင်ခဲ့ပါတယ်။ အလားတူပဲ ကျွန်မတို့အဆောက်အဦနဲ့ ရောင်းနေတဲ့ စတိုးဆိုင်များမှာလည်း တခြားအခြေခံစားသောက်ကုန်တွေနဲ့အတူ သန့်စင်ဆေးရည်များ၊ သန့်ရှင်းရေးပစ္စည်းများနှင့် ပိုးသတ်ဆေးများ၊ အိမ်သာသုံးစက္ကူ၊ စည်သွတ်ဗူးများ၊ ဆန်၊ ဆီ စတဲ့ ပစ္စည်းတွေကို ပိုမိုဝယ်ယူလာတာ တွေ့နေရပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ စားသုံးသူတွေကို  အားလုံးတန်းတူညီမျှဝယ်ယူနိုင်ဖို့အတွက် ကန့်သတ်ဝယ် ယူစေမှုတွေကိုလည်း အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

 

City Mall Online စနစ်နှင့်ပတ်သက်၍ စီမံကိန်းဒါရိုက်တာ Ronald Lee က  “ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ရဲ့ ၁၀၀ ရာခိုင်နှုန်းကို ရောက်ရှိသွားပြီဖြစ်ပြီး အခုလို ဝယ်လိုအား တိုးလာတာကို အသိအမှတ်ပြုပါ တယ်။ လာမယ့် ဧပြီလရဲ့ ပထမအပတ်မှာ ဒီပမာဏကို နှစ်ဆတိုးဖို့ စီမံဆောင်ရွက်နေပါတယ်" ဟု ပြောသည်။ 

 

City mart  မှ ကန့်သတ်လိုက်သော အိမ်အသုံးအဆောင်ပစ္စည်းများမှာ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ၊ စည်သွတ်ဘူး စသည့် ကုန်ခြောက်ပစ္စည်းများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ နို့မှုန့်၊ သကြား၊ ပေါင်မုန့် စသည့် ပစ္စည်းများ၊ နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာ၊ ဗီတာမင်စီ၊ ပိုးသတ်ဆေး၊ အိမ်သာသုံးစက္ကူ စသည့် လူသုံးကုန်ပစ္စည်းများ ပါဝင်သည်။ အဆိုပါ နေ့စဉ်မရှိမဖြစ်လိုအပ်သော လူသုံးကုန်ပစ္စည်းများနှင့် အိမ်အသုံးအဆောင် ပစ္စည်းများအား လူတစ်ဦးလျှင် သုံးဘူးအထက် ဝယ်ခွင့်မပြုဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ကြေညာထားသည်။

 

“အခုလို့ ကန့်သတ်ရောင်းချမယ့် အချိန်ကာလကိုတော့ အတိအကျပြောလို့မရသေးပါဘူး။ အခြေခံကုန်ပစ္စည်း ပြတ်လပ်မှုမရှိဖို့တော့ ကျွန်မတို့ Suppliers တွေနဲ့ ပြောထားတာ ရှိပါတယ်။ ဒါကြောင့် အခြေခံကုန်ပစ္စည်းပြတ်လပ်မှု မရှိဘူးလို့တော့ ပြောနိုင်ပါတယ်” ဟု စီတီးမတ်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။  

 

သတင်း-ညွန့်ကိုကို