ရန်ကုန်  ၁၉   စက်တင်ဘာ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော စီးတီတက္ကစီများအနက်မှ မှတ်ပုံတင်ရန်ပျက်ကွက်နေသော စီတီးတက္ကစီများအား စီမံချက်ကာလသတ်မှတ်၍ မှတ်ပုံတင်ပေးလျက်ရှိရာ စက်တင်ဘာလ ၃၀ ရက် နေ့နောက်ဆုံးထား၍ မှတ်ပုံတင်ကြရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ 

 

"၃၀-၉-၂၀၁၉ ရက်နေ့ဆိုရင် ကျွန်တော်တို့ကြေငြာထားတာ နောက်ဆုံးရက်ဖြစ်ပါတယ်။ ရက်ကလည်း နီးလာပြီဖြစ်တဲ့အတွက် ကျန်ရှိတဲ့ယာဉ်တွေ ကျန်နေခဲ့သေးရင် သတ်မှတ်ရက်အတွင်း ဆက်သွယ်ဆောင်ရွက်ပေးကြဖို့ တက္ကစီပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေအားလုံးကို အသိပေးပြောကြားလိုပါတယ်" ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

 

မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်သည့် တက္ကစီယာဉ်များဖြစ်လာစေရန်၊ တက္ကစီယာဉ်များနှင့်ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းမှု အားကောင်းလာစေရန်၊ ငှားရမ်းအသုံးပြုကြသည့် ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် စီးတီးတက္ကစီမှတ်ပုံတင်ခြင်း လုပ်ငန်းများကို YRTA က ဆောင်ရွက်ပေး နေခြင်းဖြစ်ပြီး သြဂုတ်လကုန်အထိ မှတ်ပုံတင်ထားသည့် စီးတီးတက္ကယာဉ် စုစုပေါင်း ၆၇၄၃၈ စီး ရှိသည်ဟု သိရသည်။

 

YRTA အနေဖြင့် မှတ်ပုံတင်ရန်ပျက်ကွက်သည့် ယာဉ်မောင်း၊ ပိုင်ရှင်နှင့် မှတ်ပုံတင်သက်တမ်းပြတ်ယာဉ်များအား စီမံချက်တစ်ရပ်အနေဖြင့် ယခုလ စက်တင်ဘာ ၃၀ ရက် အထိ ဆောင်ရွက်ပေးမည့်အကြောင်းကို အသိပေးထုတ်ပြန်ခဲ့ပြီး စီမံချက်စတင်ခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်မှ စက်တင်ဘာ ၁၇  ရက်အထိ ယာဉ်အသစ်အဖြစ် မှတ်ပုံတင်သည့်ယာဉ် ၈၇၄ စီး၊ သက်တမ်းပြတ် သက်တမ်းတိုးမှုအဖြစ် ၂၁၃၂ စီး စုစုပေါင်း ၃၀ဝ၆ စီး ဆောင်ရွက်ပေးခဲ့ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၏ ပြောကြားချက် အရ သိရသည်။

 

စီးတီးတက္ကစီမှတ်ပုံတင်ခြင်းသည် ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်တို့၏ အချက်အလက်များကို ရယူထား ခြင်းဖြစ်ပြီး ယာဉ်နှင့်ပတ်သက်၍ ဖြစ်ပေါ်လာသော ရာဇဝတ်မှု၊ ပစ္စည်းပျောက်ရှမှုနှင့် အခြားသောအမှု အခင်းကိစ္စရပ်များတွင်  သက်ဆိုင်ရာ ယာဉ်၊ ယာဉ် မောင်း၊ ယာဉ်ပိုင်ရှင်နှင့် လိုက်ပါစီးနင်းသော ခရီးသည် တို့အပြင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နေသော အဖွဲ့အစည်းများကို ကူညီမှုပေးနိုင်ကြောင်း သိရသည်။

 

လင်းညွှန့်၊ ဓာတ်ပုံ - ထိန်လင်း