စီယာတိုင်ကျိုးသွားသည့်ယာဉ် လမ်းလျှောက်နေသူကို တိုက်မိပြီး အိမ်ခြံဝင်းအတွင်း ဝင်ရောက်သွား

ပဲခူး ၈ ဖေဖော်ဝါရီ 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် သာယာကုန်းအုပ်စု သပြေပင်ကျေးရွာ မိုးညို-ရေကင်းသွား ကားလမ်းမပေါ်တွင် ယမန်နေ့နံနက် ၁ဝ နာရီ ၁ဝ မိနစ်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရေကင်း-မိုးညိုသွား ကားလမ်းမ မိုင်တိုင်အမှတ် (၂၉/ ၆)နှင့် (၂၉/၇)ကြားတွင် မြောက်ဘက်မှ တောင်ဘက်သို့ လမ်း၏ ယာဘက်ခြမ်း လမ်းဘေး မြေသားလမ်းပေါ်မှ လမ်းလျှောက်နေသော မစန်းထွေးအား ရေကင်းဘက်မှ မင်းဝေအောင် မောင်းနှင်ပြီး သိန်းဇော် လိုက်ပါလာသည့်  ယာဉ်မှ စီယာတိုင် တန်းလော့ကျိုးကာ ကားဦးခေါင်း လှည့်မရတော့ဘဲ ဝင်ရောက်တိုက်မိပြီး ကားမှာ လမ်းဘေးနေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ရပ်တန့် သွားခဲ့သည်။ 

 

ယာဉ်တိုက်မှုကြောင့် မစန်းထွေးတွင် ဒဏ်ရာ (အတွင်းလူနာ/ စိုးရိမ်ရ)၊ မင်းဝေအောင်တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာ၊ သိန်းဇော်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။

 

ဖြစ်စဉ်ကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မင်းဝေအောင်ကို  မိုးညိုမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ဆန်းမြင့် (ပြန်/ဆက်)