ကမ္ဘာကြီးက အလွန်အင်မတန်ပူလာ၏။ မြန်မာနိုင်ငံက ထိုအပူဒဏ်ကို အခြားနိုင်ငံများထက် ပို၍ဆိုးရွားစွာ ခံစားနေရသည်ဟု ထင်ပါ၏။ ရာသီ ဥတု ချိန်ညှိမှုစနစ် ယိုယွင်းလာပြီးသည့်နောက် မခံမရပ်နိုင်လောက်သည်ထိ အပူလွန်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မုန်တိုင်းတိုက်ခတ် ခြင်း အစရှိသည့် ပြင်းထန်သော ရာသီဥတုဒဏ်တို့ကို အခြားနိုင်ငံများထက် ပိုမို ခံစားရဖွယ်ရှိနေသည်ဟုလည်း တွေးမိ၏။

ရာသီဥတုဖောက်ပြန်လာခြင်း၏ ဇာစ်မြစ်ကိုလိုက်ရင်း မည်သို့မည်ပုံ ကုစားကာကွယ်မည်ဆိုသည်ကို နိုင်ငံတကာက လွန်ခဲ့သောနှစ်အတော် ကြာကပင် စတင်ဆောင်ရွက်နေကြပြီ။ အခြားသူတွေ က္ဘာမြေစိမ်းလန်း ရေး၊ ကာဗွန်နှင့် မီးခိုးငွေ့များ လျှော့ချနိုင်ရေး၊ ပလတ်စတစ် အစားထိုး သုံးစွဲရေး၊ မလိုတာမသုံး၊ တတ်နိုင်သမျှ ပြန်သုံး၊ ပြင်ဆင်ပြန်သုံး စသည် တို့ကို မူချသတ်မှတ်ရင်း ​​ေကြွးကြော်ဆောင်ရွက်နေသည့်ကာလများမှာ မြန်မာနိုင်ငံက သစ်ပင်သစ်တောများ ခုတ်လို့ကောင်းတုန်း ရှိခဲ့ပါသည်။

မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် ရှိသမျှ သယံဇာတထုတ်ယူ စီးပွားရှာဖို့သာသိပြီး ရေရှည်တည်တံ့နိုင်ရေးနှင့် တွဲဖက်သော သယံဇာတ ထုတ်ယူမှု စီမံခန့်ခွဲမှု လွန်စွာအားနည်းခဲ့ကြ၏။

ယနေ့တိုင်လည်း စနစ်တကျပြန်လည်တည့်မတ်နိုင်မှု မရှိသေး။ ခေတ်ဟောင်းက ချန်ရစ်ခဲ့သော ပြဿနာများကို တစ်စစီကောက်လို့ ကောင်းတုန်း။ မှန်ကန်တည်ငြိမ်သည့်စနစ်နှင့် အချို့ သော ဥပဒေတို့ကိုပင် အမြန်အဆန် ရေးဆွဲအတည်ပြုဖို့ ဟန်ပြင်နေရတုန်း ဖြစ်သည်။

ရာသီဥတုဖောက်ပြန်ခြင်းကို မဖြစ်မနေ ထိန်းသိမ်းကာကွယ်ကြရေး ၏ အရေးပါမှုကို သတိပင် မပြုမိသေးသည်က နေရာအနှံ့ မှာ တွေ့ မြင်နေရ ဆဲလည်း ဖြစ်၏။

အခြား နက်ရှိုင်းလေးနက်သည့်အရာတို့ကို အသာထား၊ သစ်ပင် သစ်တော ပြုန်းတီးမှုမျှကိုပင် ပေါ့ပေါ့တန်တန် သဘောထားနေကြဆဲ။ နိုင်ငံတကာက ကမ္ဘာမြေစိမ်းလန်းရေး၊ ယခုနှစ်အတွင်း သစ်ပင် ဘယ်နှသန်း စိုက်ဖြစ်အောင် စိုက်ကြရေးဟု အစီအစဉ်ဆွဲနေချိန်တွင် မြို့ ကြီးများ၏ အထင်ကရနေရာများတွင်ပင် သစ်ပင်ခုတ်လို့ကောင်း နေဆဲ။

ပညာတတ်များ၊ အမြင်အတွေ့များသူတို့ များပြားသည်ဆိုသော ရန်ကုန်မြို့ ကြီးမှာပင် သစ်ပင်အားရပါးရခုတ်နေကြသည်တို့က ရှိနေဆဲ။ ဆက်လက်ခုတ်ပစ်ကြရန်လည်း အားယူနေကြသည်ကို မြင်နေရဆဲ။

ရန်ကုန်မြို့က စိမ်းလန်းနယ်မြေများစွာရှိသည်။ ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ် ကောလိပ်ဝင်းများ၊ အင်းလျားကန်၊ ကန်တော်ကြီး၊ မြေပဒေသာကျွန်း၊ ရွှေတိဂုံဘုရား စသောပတ်ဝန်းကျင်တစ်ခုလုံးမှာ စိမ်းလန်းအေးမြနေသည့် အာဝါသအောက်တွင် ရှိသည်။

ယခုမူ မည်မျှစိမ်းလန်းအောင်ချန်ခဲ့ရမည်ဆိုသည်ကို ခိုင်မာသည့် ဥပဒေများဖြင့် မတားဆီးနိုင်ခဲ့သည့်အတွက် သစ်တော မြက်တောတို့ အစား ကွန်ကရစ်တောများက လွှမ်းမိုးပေါ်ထွက်ချင်သလို ပေါ်ထွက်ခဲ့ သည့်အခါ စိမ်းလန်းဧရိယာများ လျော့ပါးခဲ့ရသည်ကို သိသိသာသာ တွေ့ မြင်နေရသည်။

မြို့ ပြစည်ပင် စိမ်းလန်းရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် အမွေအနှစ် ထိန်းသိမ်းရမည့် ဇုန်နယ်ခွဲခြားမှုနှင့် မြို့မြေအသုံးချမှုစနစ် ဆိုင်ရာ ခွဲခြားသတ်မှတ်ရေး စသည့်ဥပဒေတို့ကို ယခုအခါ စိစစ်ရင်း၊ ပြင်ဆင်ရေးဆွဲရင်း၊ ဖြည့်စွက်ရင်း တာဝန်ရှိသူတို့က အလျင်အမြန် ဒရော သောပါး လုပ်ကိုင်နေကြရဆဲ ဖြစ်သည်ဟုလည်း သိရပါသည်။

ယခုလို ဥပဒေတိတိကျကျ မပေါ်ထွက်နိုင်သေးသည့်အချိန်တွင် ပညာရှင်များ၊ ပါဝင်ပတ်သက်နေကြသူများက မြို့ ပြစိမ်းလန်းသာယာ ရေး ပိုမိုကောင်းမွန်ရေးဟူသည့် အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကြရန် လိုပါမည်။

ဥပဒေမရှိတုန်း စီးပွားရှာမှ၊ ဥပဒေမပေါ်ခင် သွက်သွက်လုပ်ထားနိုင်မှ ဟူသည့် စိတ်သဘောထားများအစား မိမိတို့၏ နောက်မျိုးဆက်များ အတွက် သာယာစိမ်းလန်းသည့် ရှင်သန်နေပျော်သည့် အနာဂတ်ကောင်းမွေ ချန်ထားလိုသည့် စိတ်ဓာတ်များကို မွေးမြူကြဖို့ လိုမည်ဟု ရှုမြင်မိပါကြောင်း။ မြန်မာ့အလင်း