ရန်ကုန် မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ မေ ၂၅ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ် ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း မန်ကျည်းတန်းမြောင်း ရေတံခါး ရေစီးရေလာ ဆောင်ရွက် ထားရှိမှု၊ ကန်ရေပြင်ကြည်လင်စေရေး ရေသွင်းရေထုတ်ဆောင်ရွက်နေမှု၊ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှု၊ ပြည်သူများ စိတ် ချမ်းမြေ့စွာ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နေမှုနှင့် မန်ကျည်းတန်းမြောင်းမှ ကရဝိက်ဥယျာဉ် ဝင်ပေါက်အထိ လူကူးသစ်သားတံတား တစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် တာမွေမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေး၊ သန့်ရှင်းရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဗျိုင်းရွာမရပ်ကွက် ကျောက်မြောင်းစျေးနှင့် တာမွေ အခွန်လွတ်ဈေးများအတွင်း ဈေးရောင်း ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း ေးဝယ်ကြရန် ပညာပေးပြောကြား၍ လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း Mask များ ပေးဝေသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နတ်ချောင်း ရေထိန်းတံခါး တပ်ဆင်ထားရှိ မှုနှင့် Flood Control Pump တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မေတ္တာညွန့်ရပ်ကွက်၊ စက်မှုလက်မှု(၂)လမ်း ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ လမ်းတစ်လျှောက် အုပ်မိုးကိုင်းများ ရှင်းလင်းရန် ၊ ဘေးလမ်းကြား Side Drain Service နေရာများ ရှင်းလင်းရန် မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ အေဘီစီကတ္တရာကွန်ကရစ်နှင့် ကွန်ကရစ်ဖျော်စက်သို့ သွားရောက်၍ စက်များလည်ပတ် ဆောင်ရွက်နေမှုနှင့် ကြံ့ခိုင်ရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှိ အများပြည်သူသုံး သန့်စင်ခန်းများ၌ မသန်စွမ်းသူများ သွားလာအသုံးပြုမှု လွယ်ကူစေရေး ဆောင်ရွက်ထားမှုနှင့် ပန်းခြံအတွင်း စိန်းလမ်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်