ဘုတလင် ၂၆ ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ တွင်းတော်စံပြကျေးရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်နေရာတွင်တည်ရှိသော တွင်းတော်အင်းကြီးအတွင်း၌ မွေးမြူထားရှိသည့် စိမ်းပြာရောင် စပီရိုလိုင်းနား (Spirulina) ရေညှိပင်များသည် သဘာဝဂေဟစနစ်များ ပျက်စီးလာသည့်အတွက် အဝါရောင်အဆင့်သို့ ပြောင်းလဲလာလျက်ရှိကြောင်း ရေညှိထုတ်လုပ်ရေး စက်ရုံးဝန်းထမ်းတစ်ဦးက ပြောသည်။

 

0097

 

စိမ်းပြာရောင် စပီရိုလိုင်းနား (Spirulina) ရေညှိပင်များသည် ကမ္ဘာ့ရှားပါး သဘာဝသယံဇာတများဖြစ်ပြီး မြောက်အမေရိကတိုက်တွင် မက်ဆီကိုနိုင်ငံ၊ အာဖရိကတိုက်တွင် အီသီယိုးပီးယားနိုင်ငံ၊ ချက်စ်နိုင်ငံ၊ ကင်မရွန်းနိုင်ငံနှင့် အာရှတိုက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၌ တည်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ တွင်းတော်အင်း၊ ရေခါးအင်း၊ တောင်ပြောက်အင်း၊ တွင်းမအင်းတို့မှ ထွက်ရှိသော စိမ်းပြာရောင် စပီရိုလိုင်းနား (Spirulina)  ရေညှိပင်များသည် food great အဆင့်ရှိပြီး ပြည်တွင်းစားသုံးရုံသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရလျက်ရှိကြောင်း သိရသည်။

 

0098

 

အဆိုပါ တွင်းတော်အင်းကြီးအတွင်းသို့ ၂၀၀၈ ခုနှစ်မှ စတင်ပြီး ရေချိုများ စတင်ဝင်ရောက်ကာ စိမ်းပြာရောင် စပီရိုလိုင်းနား (Spirulina) ရေညှိပင်များထုတ်လုပ်မှု (Ph) မကျဆင်းခဲ့သော်လည်း ၂၀၁၂ ခုနှစ်အထိ ထုတ်လုပ်နိုင်ခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ်၏ နှစ်ဆန်းပိုင်းမှစတင်ပြီး သဘာဝဂေဟစနစ်များ ပျက်ယွင်းလာကာ ၎င်းစိမ်းပြာရောင် ရေညှိပင်များသည် အဝါရောင်အဆင့်သို့ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ တွင်းတော်အင်းအတွင်းမှ စိမ်းပြာရောင်ရေညှိများ ထုတ်လုပ်ရရှိမှုပမာဏသည် လျော့နည်းကျဆင်းလာခဲ့ပြီးနောက် တွင်းတော်စံပြကျေးရွာနေ ဒေသခံ အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

0100

 

တွင်းတော်စံပြကျေးရွာသည် (၁၂၇၄)ဧကခန့် ကျယ်ဝန်းပြီး အိမ်ခြေ(၂၅၄)အိမ်၊ အိမ်ထောင်မိသားစု (၂၆၀)စု၊ လူဦးရေ ၁၀၈၇ ဦး နေထိုင်လျက်ရှိကာ ဒေသခံပြည်သူအများစုသည် ယခင်က တွင်းတော်အင်းကြီးအား အမှီပြု၍ တွင်းပိုးဖမ်းခြင်း၊ ကွမ်းစိုက်ခြင်းနှင့် စိမ်းပြာရောင် ရေညှိထုတ်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြသည်။ တွင်းတော်အင်းကြီးအတွင်းရှိ စိမ်းပြာရောင် ရေညှိပင်များ အရောင်ပြောင်းလဲဖြစ်ပေါ်လာမှုကို သက်ဆိုင်ရာက ထိန်းချုပ်နိုင်မည်ဆိုပါက ရေညှိထုတ်လုပ်ရေး လုပ်ငန်းများ ကျဆင်းခြင်းမရှိဘဲ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွင်းတော်အင်းကြီးအတွင်းမှ ထွက်ရှိသော စိမ်းပြာရောင် စပီရိုလိုင်းနား (Spirulina) ရေညှိပင်များမှာ လူသားများအတွက် သက်ရှည်ကျန်းမာစေရန် ဇီဝထောက်ကူပြု ပေးလျက်ရှိကြောင်း Spirulina Word Food စာတမ်းအား ရေးသားပြုစုခဲ့သူ အမေရိကန်နိုင်ငံသား Mr, Robort Herikson က မှတ်ချက်ပြုထားကြောင်း သိရသည်။

လူသားများအတွက် သက်ရှည်ကျန်းမာစေရန် ဇီဝထောက်ကူပြု ပေးလျက်ရှိသော စိမ်းပြာရောင် စပီရိုလိုင်းနား (Spiru lina) ရေညှိပင်များသည် ကမ္ဘာ့ရှားပါး သဘာဝသယံဇတများဖြစ်ပြီး မျိုးသုဉ်းမပျောက်ကွယ်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပူးပေါင်း၍ နည်းလမ်းကောင်းများဖြင့် အဖြေရှာ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး (မုံရွာ)