နေပြည်တော် ၁၂ ဩဂုတ်

 

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် အခြေခံပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့အကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းကို အတူတကွ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် စာလွှာတစ်စောင်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်-၁၃ တွင် လက်မှတ်ရေးထိုးကြသည်။

 

အခြေပညာစာသင်ကျောင်းများတွင် အကောင်အထည်ဖော်မည့် စိမ်းရောင်ခြည် မျိုးဆက်သစ်များအမည်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေး ပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) နှင့် Save the Children အဖွဲ့တို့က ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပြီး စီမံကိန်းအခြေပြု လေ့လာသင်ယူမှုများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ၊ အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ၂၁ ရာစု စွမ်းရည်များဖြင့် ပေါင်းစပ်သင်ယူခြင်းဖြင့် အရည်အသွေးပြည့်ဝသော ပတ်ဝန်းကျင်ထိမ်းသိန်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်ထားကြောင်း သိရသည်။

 

စိမ်းရောင်ခြည်မျိုးဆက်သစ်များ စီမံကိန်းကို ကနဦးအနေဖြင့် ယခုနှစ်အတွင်း ကယားပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် စာသင်ကျောင်း ၁၃၀ တွင် ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုအဖြစ် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လာမည့် ၅ နှစ်အတွင်း တစ်နိုင်ငံလုံးရှိ စသင်ကျောင်းများတွင် တိုးချဲ့ဆောင်ရွက်သွားနိုင်ရေး ရည်ရွယ်ထားကြောင်း သိရသည်။

 

ယခုစီမံကိန်းနှင့်စပ်လျဉ်း၍ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “ပညာသင်ကြားပေးရတဲ့ ဆရာတွေအနေနဲ့ အနာဂတ်မှာဖြစ်ပေါ်လာမယ့် ရာသီဉတု ပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုအကြောင်းတွေကို ကလေးတွေ သိရှိနားလည်အောင် ကြိုတင်ပြင်ဆင်ပေးထားရပါမယ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို စိစစ်လေ့လာပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေကို ကလေးတွေကိုယ်တိုင် ဖြေရှင်းဆောင်ရွက်တတ်စေဖို့ စိမ်းရောင်ခြယ် မျိုးဆက်သစ်များ အသင်းတွေကနေတစ်ဆင့် အားပေးသွားမှာ ဖြစ်ပါတယ်။ ဒါမှသာ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ နိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး နားလည်သိရှိသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

ရေးသားပြုစုထားသည့် သင်ရိုးညွန်းတမ်းတွင် သဘာဝ၏အရေးပါပုံ၊ သစ်တောများအကြောင်းနှင့် သစ်တောပြုန်းတီးခြင်းများအကြောင်း၊ သားငှက်တိရစ္ဆာန်များအကြောင်း၊ စွန့်ပစ်ပစ္စည်းနှင့် အမှိုက်စီမံခန့်ခွဲမှုများအကြောင်း၊ ရေအသုံးပြုမှုနှင့် ရေညစ်ညမ်းမှုများအကြောင်း စသည့် ခေါင်းစဉ်များပါဝင်ကြောင်း သိရသည်။

 

“ကမ္ဘာကြီးဟာ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို ပြန်လည်ကုစားဖို့ ကြိုးပမ်းနေရချိန်မှာ နိုင်ငံအဝှမ်း ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အနာဂါတ်မှာ ကမ္ဘာကြီးကို ကာကွယ်စောင့် ရှောက်မယ့်သူတွေ၊ ခေါင်းဆောင်တွေဖြစ်လာမယ့် ကျွန်တော်တို့ရဲ့ နောင်မျိုးဆက် ကလေးတွေအနေနဲ့ စိမ်းရောင်ခြယ် မျိုးဆက်သစ်များ အသင်းတွေကနေတစ်ဆင့် သဘာဝပတ်ဝန်းကျင်ရဲ့ တန်ဖိုးကို စွဲစွဲမြဲမြဲ နားလည်သဘောပေါက်လာစေမှာ ဖြစ်ပါတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောသည်။

 

စိမ်းရောင်ခြယ်မျိုးဆက်သစ်များအသင်း သင်ရိုးညွှန်တမ်းသည် ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) တွင် ပါဝင်သည့် ကလေးဗဟိုပြုသင်ကြားနည်းကို ပိုမိုအားကောင်းလာစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ပါဝင်ဆောင်ရွက်နေသည့် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးရေး လုပ်ငန်းအဖွဲ့ (AWGEE) ၏ လုပ်ငန်းစဉ်များကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်လည်း ကိုက်ညီမှုရှိအောင် ရေးသားပြုစုထားကြောင်း သိရသည်။

 

သတင်း-ဟန်လင်းနိုင်၊ ဓာတ်ပုံ-စိုးဝင်းထွန်း