ကဘူးလ်  ၁၇  စက်တင်ဘာ

အာဖဂန်နစ္စတန်နိုင်ငံ၌ စက်တင်ဘာ ၂၈ ရက်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဟု သတ်မှတ်ထားရာ ယခုအခါ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ ကြောင်းသိရသည်။ တာလီဘန်တို့၏ ခြိမ်းခြောက်မှုများကြားမှ သမ္မတ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ တာလီဘန်တို့သည် အစိုးရ၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်ဖျက်ဆီးရန် ကြိုးစားနေသည့်အတွက် ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနသည် စက်တင်ဘာ ၁၆ ရက်က အစည်းအဝေး ကျင်းပခဲ့သည်။

ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံသည် အရေးကြီးသည့်ကာလတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာအစီအမံများ ဆောင်ရွက်နေကြောင်း၊ စက်တင်ဘာ ၂၈ ရက်တွင် အသင့်ပင် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် အဗ္ဗဒူမော့အင်အဗ္ဗဒူလာဟင်ဇိုင်းက တွစ်တာပေါ်တွင် ရေးသားထားသည်။ မိမိတို့၏ ဦးတည်ချက်မှာ ပြည်သူများ၏လုံခြုံရေးကို အကာအကွယ်ပေးရန်ပင်ဖြစ်ကြောင်း၊ လုပ်ဖော်ကိုင်ဖက်များသည်လည်း မနေမနား လုပ်ဆောင်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အာဖဂန် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးတပ်သည်လည်း တာလီဘန်များကို ဆန့်ကျင်၍ လုံခြုံရေးအတွက် လုပ်ဆောင်လျက်ရှိသည်။ တာလီဘန်တို့ကမူ ယခုကျင်းပမည့် ရွေးကောက်ပွဲမှာ နယ်ချဲ့တို့က အာဖဂန်မြေပေါ်တွင် ဆက်လက်လှုပ်ရှားနိုင်ရေး ကြိုးပမ်းမှုဖြစ်သည့်အတွက် မဲပေးပွဲသို့မသွားဘဲ သပိတ်မှောက်ကြရန် တိုက်တွန်းထားသည်။

မဲရုံ ၅၃၇၃ ရှိသည့်အနက် အာဖဂန် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က မဲရုံ ၄၉၅၂ တွင် လုံခြုံရေး တာဝန်ယူသွားရမည်ဖြစ်ပြီး ကျန်ရှိသည့် မဲရုံ ၄၃၁ ရုံမှာ ဝေးလံခေါင်ဖျားသည့် နေရာများတွင်ရှိပြီး လုံခြုံရေးအခြေအနေ အရ ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ အရာရှိများက ပြောသည်။ ယခုတစ်ကြိမ် ရွေးကောက်ပွဲသည် ၂၀ဝ၁ ခုနှစ် အမေရိကန်တို့ ကျူးကျော်ခဲ့သည့် အချိန်မှစ၍ စတုတ္ထအကြိမ်မြောက် ကျင်းပသည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။

ဆင်ဟွာ