၂၂ စက်တင်ဘာ

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှပြည်ထောင်စုအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ထူးချွန်ကျောင်းသားကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့် အခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်တွင်ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျောင်းများနဲ့ ကျောင်းသူကျောင်းသားများ အရည်အချင်းမြင့်မားလာခြင်းဟာ နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုး မှုကိုလည်း ရောင်ပြန်ဟပ်တဲ့သဘောလည်း ရှိပါတယ်”ဟုပြောကြားခဲ့သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံ၏အနာဂတ်အတွက် အထိရောက်ဆုံးအာမခံချက်ဖြစ်သည့် ပညာရေးကို အထူးအလေးထားလျက်ရှိရာ နိုင်ငံတော်နှင့် ပြည်သူပြည်သားများ ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ဟပ်သည့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်လျက်ရှိသည်။ ပညာရေးကို အထူးအလေးထားဖော်ဆောင်ရာတွင် အောင်ချက်၊ အောင်မှတ်များကိုသာ အာရုံစိုက်သည့် ကျဉ်းမြောင်းသော အားထုတ်မှုများကိုရှောင်လွှဲပြီး နိုင်ငံတော်၏ ရေရှည်မျှော်မှန်းချက်ကို အထောက်အကူပြုမည့် အရည်အချင်းရှိသော ထူးချွန်သူများပေါ်ထွန်းလာရန် ဦးတည်ထားသည်။

အရည်အချင်းရှိသော ပညာထူးချွန်သူများ ပေါ်ထွက်လာရေးကို ဦးတည်ခြင်းသည် ထူးချွန်ကျောင်းသူ ကျောင်းသားများနှင့် ထူးချွန်ကျောင်းများအား အသိအမှတ်ပြုပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြင့် ပညာကို တန်ဖိုးထားသည့် စွမ်းအားများတိုးပွားလာရန် အားပေးနေခြင်းဖြစ်သည်။ ပညာကိုတန်ဖိုးထားခြင်းသည် လူသားများ၏ ဆင်ခြင်တုံတရား၊ လူသားများ၏ မိမိတို့ဘဝပတ်ဝန်းကျင်မှ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု၊ ချို့ယွင်းမှုများအား ရင်ဆိုင်ကျော်လွှားနိုင်သည့် စွမ်းအားကို ယုံကြည်လေးစားခြင်းဖြစ်သည်ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အောင်ချက်ကောင်းခြင်း၊ အောင်မှတ်ကောင်းခြင်းတို့သည် ပညာရည်တိုးတက်မှုကို ထင်ဟပ်ဖော်ပြသော သတ်မှတ်မှုတစ်ခုသာဖြစ်သည်။ အဆိုပါ အားထုတ်မှု၊ ကြိုးစားမှုများကို နိုင်ငံတော်က အသိအမှတ်ပြုပေးခြင်း ဖြစ်သည်။ ကျောင်းများနှင့် ကျောင်းသား ကျောင်းသူများ အရည်အချင်းမြင့်မားလာခြင်းသည် ပညာရေး အညွှန်းကိန်းမြင့်မားခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းကို ရောင်ပြန်ဟပ်သည့် သဘောဖြစ်သည်။ အမှန်တကယ်တွင် ပညာကိုတန်ဖိုးထား၊ လေးစားသောကြောင့် မိမိတို့၏ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာများ မည်မျှမြင့်မားတိုးတက်လာသည်ကို တိုင်းတာတွက်ဆ၍ လက်တွေ့ဘဝတွင် ထိထိရောက်ရောက် အသုံးချနိုင်ရန်ဖြစ်သည်။

ပညာရေးဘက်မှ အောင်မြင်မှု၊ ထူးချွန်မှုသည် လူမှုရေးသာမက စီးပွားရေး၊ နိုင်ငံရေးဘက်၌ အောင်မြင်မှုနှင့်လည်း ဆက်နွှယ်နေသည်။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ပညာရှာမှီးခဲ့ကြခြင်းသည် နောင်အနာဂတ်ကာလ၌ လူကြီးများဖြစ်လာသောအခါ အဓိကအားဖြင့် ကိုယ့်အားကိုယ်ကိုးတတ်ပြီး ကိုယ့်ဘဝကိုရပ်တည်နိုင်ရန်၊ ကိုယ့်ဝမ်းစာကို ကိုယ်တိုင်ရှာဖွေနိုင်ရန်၊ ကြုံလာသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက်ဖြစ်၍ သင်ကြားခဲ့သောပညာများသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးလိုအပ်ချက်များနှင့် ကိုက်ညီရန် အရေးကြီးသည်။

သို့ဖြစ်ရာ ထူးချွန်ကျောင်းများ၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းသည် ငုပ်လျှိုးနေသော စွမ်းအားများကို ပိုမိုဖွံ့ထွားလာအောင် မြေတောင်မြှောက်ပေးခြင်း ဖြစ်သလို ကျန်ရှိသော ကျောင်းများနှင့် ကျောင်းသား ကျောင်းသူများလည်း အတုယူအားကျစေရန်ဖြစ်သည်။ အဓိကလိုရင်းရည်မှန်းချက်မှာ ကျောင်းကောင်း၊ အဆင့်ကောင်း၊ အရည်အချင်းကောင်းခြင်းထက် ကျောင်းသား ကျောင်းသူများအားလုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ပြီး မိမိဘဝ၊ မိမိနိုင်ငံဘဝ မြင့်သည်ထက်မြင့်အောင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားပြီး အောင်မြင်မှုများကို ဆောင်ကြဉ်းနိုင်အောင် ပညာကို တန်ဖိုးထားလိုရင်း ဖြစ်သည်။ ။

ကြေးမုံ