စိန်ခေါ်မှုတွေရင်ဆိုင်ရမယ့် ဘွန်ဒက်စ်လီဂါ ခရီးကြမ်းပေါ်က ကော်တင်ညို

၂၃   သြဂုတ် 


ဒီနှစ်နွေရာသီဈေးကွက် စတင်ချိန်ကတည်းက ကြားနေခဲ့ရတဲ့ ကော်တင်ညိုရဲ့ အပြောင်းအရွှေ့သတင်း။ အခုတော့ တစ်ခန်း ရပ်သွားခဲ့ပြီ။ ကော်တင်ညိုဟာ ဘိုင်ယန်မြူးနစ်အသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီ။ အငှားစာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာလည်း ပေါင် ၁၀၉ သန်းနဲ့ ခေါ်ယူခွင့်ကိုလည်း သဘောတူထားပြီဖြစ်ပါတယ်။ ကော်တင်ညိုအတွက်တော့ ဒေသစိမ်းဖြစ်တဲ့ ဂျာမန်မြေဟာ သူ့အတွက်တော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ့်နေရာတစ်ခုလို့ ပြောရမယ်။


ဘာစီလိုနာခရီးကြမ်း


ကော်တင်ညိုဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ပရီမီယာလိဂ် ကလပ် လီဗာပူးအသင်းကနေ ဘာစီလိုနာအသင်းကို ပေါင် ၁၄၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တယ်။ ရာသီဝက်ကာလတွင်းမှာ ပြောင်းရွှေ့သွားတဲ့ ကော်တင်ညိုရဲ့ ဇာတ်လမ်းဟာ အဲဒီကာလ တုန်းကတော့ ဘောလုံးလောကရဲ့အလှုပ်ခပ်ဆုံး သတင်းတစ်ပုဒ်ဖြစ်ခဲ့တယ်။


နေမာထွက်သွားကတည်းက စိတ်ပျက်မှုတွေရှိနေခဲ့တဲ့ ဘာစီလိုနာ ပရိသတ်တွေ အတွက်ကလည်း ဖြေသာစရာ၊ အစားထိုးစရာ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြတယ်။ သူကလည်း ရာသီဝက်အတွင်းမှာ အသင်းနဲ့အတူ လာလီဂါ ၁၈ပွဲကစားပြီး ရှစ်ဂိုးသွင်းယူပေးခဲ့တယ်။ သူ့ရဲ့စပိန်မြေမှာ ပွဲဦးထွက် စွမ်းဆောင်မှုတွေဟာ မဆိုးဘူးဆိုတဲ့ အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့နှစ် တစ်ရာသီလုံး ကော်တင်ညိုဟာ လာလီဂါ ၃၄ ပွဲမှာ ငါးဂိုးသာ သွင်းယူနိုင်ခဲ့တယ်။ ဒါဟာ ကမ္ဘာကျော်ကစားသမားတွေချည်းပဲ တစ်စုတစ်စည်းတည်း ရှိနေတဲ့ ဘာစီလိုနာအသင်းအတွက် အားကိုးရလောက်တဲ့ ခြေစွမ်းမျိုးမဟုတ်ဘူး။ ဒါကြောင့်လည်း ပြီးခဲ့ရာသီမကုန်ခင် ကတည်းက ဘာစီလိုနာအသင်းဟာ ကော်တင်ညိုကိုရောင်း ထုတ်ဖို့ပြင်နေခဲ့တယ်။ ကော်တင်ညိုကိုယ်တိုင်ကလည်း ခြေစွမ်း ပြကစားနိုင်ခြင်းမရှိတဲ့ စပိန်မြေကို စွန့်ခွာဖို့ ဆန္ဒရှိနေခဲ့တယ်။


ကော်တင်ညိုဟာ ဘာစီလိုနာအသင်းမှာ ကစားခဲ့တဲ့ တစ်နှစ်ခွဲကာလအတွင်း ပြိုင်ပွဲစုံပွဲပေါင်း ၇၅ ပွဲ ပါဝင်ကစားပြီး ၂၁ ဂိုးသွင်းယူကာ ဂိုးရရှိအောင် ၁၁ ကြိမ် ပံ့ပိုးပေးနိုင်ခဲ့တယ်။ ဆုဖလားကတော့ စုစုပေါင်း လေးလုံးရယူနိုင်ခဲ့တယ်။ အဲဒါဟာ ကော်တင်ညိုအတွက်တော့ အောင်မြင်မှုလို့ဆိုနိုင်မလား။


စိန်ခေါ်မှု


ဘိုင်ယန်မြူးနစ်အသင်းကလည်း အသင်းရဲ့ ဝါရင့်တောင်ပံ ကစားသမားနှစ်ဦးဖြစ်တဲ့ ရီဘာရီနဲ့ ရော်ဘင်တို့ အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် အသင်းရဲ့ အင်အားအတွက် အကောင်းဆုံး ကစားသမားတွေ ဖြည့်တင်းဖို့ လိုတယ်လို့တော့ ပြောရမယ်။ ကနဦးသတင်းတွေအရဆိုရင် ဘိုင်ယန်မြူးနစ် အနေနဲ့ မန်စီးတီးအသင်းကစားသမား ဆာနေးကို အဓိက ထားခေါ်ယူဖို့ ပြင်ဆင်နေခဲ့တယ်။ နွေရာသီဈေးကွက် တစ်ခုလုံးမှာလည်း ဆာနေးကို ရရှိဖို့သာ ပြင်ဆင်နေခဲ့ တယ်။ နောက်ဆုံး ဆာနေး ကို မခေါ်ယူနိုင်တော့မှ ကော်တင်ညိုကိုအငှားနဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါ တယ်။


ကော်တင်ညိုအနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းမှာရော အကောင်းဆုံး ခြေစွမ်းတွေနဲ့ကစားနိုင်မလား။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်နွေရာသီမှာ ပါရီဆစ်အပါအဝင် ကော်တင်ညိုကိုပါ အငှားနဲ့ခေါ်ယူခဲ့တယ်။ ကော်တင်ညိုကတော့ ဘိုင်ယန် မြူးနစ်အသင်းသမိုင်းမှာ ၁၁ယောက်မြောက်အငှားနဲ့ခေါ်ယူတဲ့ ကစားသမားလည်းဖြစ်တယ်။ ဒါပေမယ့်အသင်းမှာ အငှားနဲ့ လာရောက်ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ကစားသမား ကိုးယောက်ထဲမှာဆိုရင် နှစ်ယောက်သာအသင်းရဲ့ အမြဲတမ်းကစားသမား အဖြစ်ကစားနိုင်ခဲ့တယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ လာရောက်ကစားတဲ့ကစားသမားတိုင်းဟာ အောင်မြင်မှုရတာက နည်းတယ်လို့ ပြောရမယ်။ ဒါကြောင့် ကော်တင်ညိုအတွက်တော့ ဘိုင်ယန်မြူးနစ်အသင်းမှာ လာကစားတာဟာ ကြီးမားတဲ့စိန်ခေါ် မှုတစ်ခုကို ရင်ဆိုင်လိုက်တာလို့တောင် ပြောရမယ်။


ပြီးခဲ့တဲ့ နှစ်ရာသီတုန်းက ရီးရဲမက်ဒရစ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို အငှားနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဂျိန်းစ် ရိုဒရီဂွက်ဇ်ဆိုရင်လည်း ဂျာမန်မြေဟာ သူ့အတွက်တော့ အောင်မြေ မဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ဂျိန်းစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပွဲပေါင်း ၆၇ ပွဲပါဝင်ကစားပြီး ၁၅ ဂိုးသာ သွင်းယူနိုင်ခဲ့တယ်။ ဒါကြောင့်လည်း ဂျိန်းစ်ဟာ အငှားစာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက်မှာ အသင်း အနေနဲ့သူ့ကိုထပ်မံခေါ်ယူဖို့ ငြင်းဆိုခံခဲ့ရတာ ဖြစ်တယ်။ ဒါကြောင့်လည်း ကော်တင်ညိုအနေနဲ့ ဂျိန်းစ်လို အလားတူလို ဖြစ်ရပ်မျိုးနဲ့ ဇာတ်သိမ်းသွားမလား။ သူ့အတွက် ဂျာမန် မြေဟာအောင် မြေဖြစ်လာမလား။


ကော်တင်ညိုအတွက်တော့ အသားမကျနိုင်တဲ့ စပိန်မြေ ကို စွန့်ခွာတယ်ဆိုတာက ဖြစ်သင့်တယ်လို့ဆိုကောင်း ဆိုရမယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေ ပြည့်နက်နေတဲ့ ဂျာမန်မြေဟာ သူ့အတွက် သင့်တော်မှန်ကန်တဲ့ ပြောင်းရွှေ့စရာနေရာတစ်ခု ဖြစ်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။


အောင်က