အိမ်မဲ   ဖေဖော်ဝါရီ   ၅

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်ပြီးစီးသည့် ကြာတန်းနှင့် သဲကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာများ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြာတန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ လျှပ်စစ် မီးခလုတ် နှိပ်ကာ ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ထို့နောက် လျှပ်စစ်မီးရရှိသည့် နေအိမ်များမှ မိသားစုဝင်များနှင့် သွားရောက်တွေ့ဆုံကြပြီး လျှပ်စစ်မီးရရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

အလားတူ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဲကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကိုလည်း တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကြာတန်းနှင့် သဲကုန်းကျေးရွာ လျပ်စစ်မီး ရရှိနိုင်ရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP) ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ကြာတန်းကျေးရွာရှိ အိမ်ထောင်စု ၁၃၀ နှင့် သဲကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၈၀ တို့မှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် အချိန်မရွေး လျှပ်စစ်မီးများ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ