နေပြည်တော် ဇန်နဝါရီ ၂၀
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားကြိုးမာန်တက် ပါဝင်ခဲ့ကြသည့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၃)၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား၌ ပညာရေး၀န်ကြီးဌာနမှ ၀န်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူ များ ပါ၀င်ဆောင်ရွက်ပေးခဲ့ကြသည့် အတွက် နိုင်ငံတော်၀န်ကြီးချုပ်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဦးစီးဌာနများအားလုံးက ဝိုင်း၀န်းပါ၀င် ဆောင်ရွက်ကြသည့် စိန်ရတုလွတ်လပ်ရေးနေ့သည် မိမိအနေဖြင့် တစ်သက်တာတွင် ပထမဆုံး ကြုံတွေ့ဆင်နွှဲ ခွင့်ရခဲ့သည့်ပွဲဖြစ်ပါကြောင်း၊ ပညာရေး၀န်ကြီးဌာနကိုယ်စားပြု ပါ၀င်ဆင်နွှဲကြသည့် ၀န်ထမ်းများအနေဖြင့် ဦးစီးဌာနအလိုက် ကျရာတာ၀န်များခွဲဝေဆောင်ရွက်ရာတွင် ခွဲဝေပေးအပ်သည့် တာ၀န်များအပြင် ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရသည့်အတွက်များစွာ ၀မ်းမြောက်ဂုဏ်ယူ ပါကြောင်း၊ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားသည် ကမ္ဘာက အသိအမှတ်ပြုရသည့် သမိုင်းတွင်မည့် ဂုဏ်ယူဖွယ်အခမ်းအနားကြီးဖြစ်ပြီး အောင်မြင် စွာကျင်းပနိုင်ခဲ့ခြင်းသည် ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု စွမ်းပကားကြောင့် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အဘက်ဘက်မှဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသည့် ဝန်ထမ်းများ ကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက စစ်ရေးပြတပ်ခွဲတွင် ပါဝင်ခဲ့သည့် ဝန်ထမ်း(၁၈၃)ဦးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဝန်ထမ်းများ ကိုယ်စား ဦးစီးဌာနများမှ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးက တက်ရောက်လာကြသည့်ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပညာရေး၀န်ကြီးဌာန ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)