နေပြည်တော်၊ ဇန်နဝါရီ ၉  

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ဂုဏ်ပြုယာဉ် ဒုတိယဆုရရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများနှင့် ကဏ္ဍအလိုက်ပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)တွင်ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ သက်ဆိုင်ရာဌာန အကြီးအကဲများနှင့် ပါဝင်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်သည် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်က အမျိုးသားရေးဦးတည်ချက်များချမှတ်ပြီး အနှစ်သာရပြည့်ဝစွာဖြင့် ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှာ ကဏ္ဍ အလိုက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများကို “ချီးမြှင့်ထိုက်သူကိုချီးမြှင့်ခြင်း” ဟူသော မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ သမိုင်းတွင်ရစ်မည့် အခမ်းအနားကြီး အောင်မြင်မှု ရရှိစေရန် ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်းစိတ်ဓါတ်၊ အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓါတ်တို့ဖြင့် ကြိုးပမ်းခဲ့ကြပြီး အလေ့အကျင့်ကောင်းနှင့် အတွေ့အကြုံကောင်းများ ရရှိခဲ့သည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ အခမ်းအနားကြီးတွင် ပါဝင်ဆောင်ရွက်ခဲ့ရသည့်အတွက် ဝန်ထမ်းဘဝတစ်လျှောက်၌ ဂုဏ်ယူအမှတ်ရစရာ အဖြစ်လည်း ကျန်ရစ်နေမည်ဖြစ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် “ရှေ့သို့လှမ်းချီပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တည်ဆောက်လျက်ရှိရာ ယခုကဲ့သို့ အစဉ်အလာကောင်းကို ထိန်းသိမ်းကာ နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းရွက်ကြပါဟု အလေးအနက် မှာကြားသည်။ 

 

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဒုတိယဆုရရှိခဲ့သော ဂုဏ်ပြုယာဉ်အဖွဲ့အတွက် ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများကိုလည်းကောင်း၊ စစ်ရေးပြအဖွဲ့၊ အလံကိုင်အဖွဲ့၊  အထိမ်းအမှတ်ပြခန်း စီစဉ်ဆောင်ရွက်ရေး ကော်မတီနှင့် ပို့ဆောင်ရေး ဆပ်ကော်မတီတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း တာဝန်ရှိသူများကို ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဂုဏ်ပြုသီချင်းကို စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်ဖြင့် ချီတက်ရာ၌ သီဆိုဖျော်ဖြေနိုင်ရန်အတွက် ကိုယ်တိုင်ရေးစပ် သီကုံးသည့် ဌာနအကြီးအကဲနှစ်ဦးနှင့် သီဆိုဖျော်ဖြေသူတို့ကို ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများ ချီးမြှင့်ပြီး၊ “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေကာ ဂုဏ်ပြုနေ့လယ်စာကို ဝန်ထမ်းများနှင့်အတူ သုံးဆောင်ခဲ့ကြပြီး နေ့လည်စာသုံးဆောင်အပြီးတွင် ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်