ကိုဇော်ဌေး(ယဉ်ကျေးမှု)
ပြည်ထောင်စုသားတိုင်း အသိပညာ တိုးပွားစေ မည့် ဘာသာခြားဖြင့်ရေးသားထားသည့် စာအုပ် စာတမ်းများကို ဘာသာပြန်ရန်၊ ပြည်ထောင်စု တိုင်းရင်းသားဘာသာဖြင့် ရေးသားထားသည့် စာအုပ်စာတမ်းများကို မြန်မာဘာသာပြန်ရန်၊ ပြည်ထောင်စုတိုင်းရင်းသားဘာသာဖြင့် ရေးသား ထားသည့် စာအုပ်စာတမ်းများကို နိုင်ငံခြားဘာသာ သို့ ပြန်ဆိုရန်၊ ထူးခြားကောင်းမွန်သော စာအုပ် စာတမ်းများကို ပုံနှိပ်ဖြန့်ချိရန် စသောရည်ရွယ် ချက်များဖြင့် စာပေဗိမာန်ခေါ် မြန်မာနိုင်ငံဘာသာ ပြန်စာပေအသင်းကြီးကို ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်မှာ ယခုလာမည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ၇၅ နှစ်ပြည့် စိန်ရတုကာလ ဖြစ်ပေသည်။
စာပေရပ်ဝန်းကမူ စာပေဗိမာန်ဆိုသည်နှင့် စာပေဝါသနာရှင်များကို မြေတောင်မြှောက်ပေးရာ၊ စာပေအရိပ်အာဝါသ ကြီးမားရာနေရာဟု ထင်ကြ သည်။ တစ်ဖန် စာပေဗိမာန်ထုတ် စာကောင်းပေမွန် များကို ရောင်းချရာ စာအုပ်ဆိုင်ကြီးကိုလည်း ပြေးမြင် မိကြသည်။ မူလဘူတဖြစ်သည့် မြန်မာနိုင်ငံ သုတေ သနအသင်း၊ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၊ နဂါးနီစာအုပ်အသင်းကြီး စသည့်အဖွဲ့အစည်းကြီး များ၏ ဆောင်ရွက်မှုလုပ်ငန်းတို့ကို ဖဝါးခြေထပ် လိုက်ပါကာ ယင်းအဖွဲ့တို့၏ မူလရည်မှန်းချက် များကို ခြုံငုံစုစည်းလျက် စာပေနည်းဖြင့် အကောင် အထည်ဖော်ရပ်တည်ပြီး မြန်မာပြည်သူလူထုကို ဉာဏ်ပညာအလင်း ထွန်းညှိပေးမည့်၊ ကမ္ဘာ့ ဗဟုသုတအဖြာဖြာ၊ ပညာရပ်အမျိုးမျိုးကို ထုတ်ဝေ ဖြန့်ချိပေးနိုင်သည့် ပါတီနိုင်ငံရေးမပါသော၊ လွတ်လပ်စွာ ရပ်တည်ဆောင်ရွက်သော ပြည်သူ လူထုအကျိုးပြုစာပေတိုက်ကြီးအဖြစ် လေးစား ရှုမြင်ကြသူတို့လည်း ရှိကြသည်။ ကောင်းမြတ် သောစေတနာဖြင့် ဤနှယ်မွေးဖွားလာသော မြန်မာ နိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်)သည် မြန်မာစာပေအကျိုးကို ဆက်လက်သယ်ပိုးရာနေရာ ဟုလည်း လေးစားသမှုပြုကြသူတို့လည်း ရှိကြ သည်။
စာပေဟူသော ဝေါဟာရတွင် မူလက ပေရွက် ပေါ်၌ ရေးသားသော အစုအဝေးကို စာပေဟူ၍ ခေါ်ဝေါ်သုံးနှုန်းလာခြင်း ဖြစ်ပေသည်။ မြန်မာ အဘိဓာန်ကမူ စာပေဟူသည် အကြောင်းအရာ၊ အဖြစ်အပျက်၊ အတွေးအခေါ်တို့ကို ရသမြောက် အောင်၊ သုတပွားအောင် ရေးဖွဲ့ထားသည့်စာဟူ၍ လည်းကောင်း၊ ဗိမာန်ဟူသည် မွန်မြတ်သော အဆောက်အအုံဟူ၍လည်းကောင်း ဖွင့်ဆိုပြထား သည်။ ဆိုရသော် စာပေဗိမာန်ဟူသည် စာပေဆိုင်ရာ မွန်မြတ်သောအဆောက်အအုံဟု ဆိုရမည်ဖြစ် သည်။ စိန်ရတုကာလ (၇၅) နှစ်တိုင် ဖြတ်သန်းခဲ့သော ပုံရိပ်များအရလည်း အကြောင်းအရာ၊ အဖြစ်အပျက်၊ အတွေးအခေါ်တို့ကို သုတ၊ ရသပွားအောင် ရေးဖွဲ့ ထားသည့် စာအုပ်စာပေများစွာကို ထိုမွန်မြတ်သော အဆောက်အအုံ(စာပေဗိမာန်)က ထုတ်ဝေဖြန့်ချိ နိုင်သည်ကို တွေ့ခဲ့ရသည်။ စာပေဗိမာန်၏ အမှတ် တံဆိပ်သည် ထိပ်တွင်လင်းရောင်ခြည်ယှက်သန်းနေသော စာအုပ်ပုံစံဖြစ်ပြီး စာအုပ်၏ တစ်ဖက်ခြမ်း သည် အမှောင် (အနက်ရောင်)ဖြစ်ကာ စာအုပ်၏ တစ်ဖက်ခြမ်းသည် အလင်း(အဖြူရောင်) ဖြစ်သည်။ စာအုပ်၏အလယ်တွင် ကလောင်တစ်ချောင်းက အမှောင်ကိုခွင်း၍ အလင်းဘက်သို့ ထိုးဖောက် ဝင်ရောက်နေပုံကို သရုပ်ဖော်ထားသည်။ ဆောင်ပုဒ် မှာ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဖြစ်လေ သည်။
နောက်ခံသမိုင်းကြောင်း
၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာ့လွတ်လပ်ရေးရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဘေး ဒဏ်မှ ပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စု မြန်မာနိုင်ငံတော် စီးပွားတိုးတက်စေရေးအတွက် နှစ်နှစ်စီမံကိန်း” ရေးဆွဲရေးကွန်ဖရင့်တစ်ခု ကျင်းပ ခဲ့သည်။ ထိုကွန်ဖရင့်သို့ မြန်မာ့နိုင်ငံရေးခေါင်းဆောင် များ၊ စီးပွားရေးပညာရှင်များနှင့် ဌာနဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ယင်းအစည်းအဝေးကြီး၏ ဒုတိယနေ့ ဇွန်လ ၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အဖြစ် ပြည်သူများ ဗဟုသုတကြွယ်ဝရေးအတွက် မြန်မာနိုင်ငံတွင် ဘာသာပြန်ဌာနကြီးတစ်ခု ဖွင့်လှစ်ရန် လိုအပ် ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ မိန့်ခွန်းမြွက်ကြားရာနေရာသည် နောင်သော ကာလ၌ စာပေဗိမာန်ဟု ပြောင်းလဲခေါ်ဝေါ်မည့် ရန်ကုန်မြို့ အမှတ် ၃၆၁ ပြည်လမ်းရှိ ဆိုရန်တိုဗီလာ (Sorrento Villa) အဆောက်အအုံပင် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်စကားကို အကောင် အထည်ဖော်ရန်အတွက် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးနု ခေါင်းဆောင်လျက် “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကြီး”ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်၊ ဂျပ်ဆင်ကောလိပ်ဝင်းအတွင်းရှိ အဆောက်အအုံတစ်ခုတွင် အသင်း၏တည်နေရာကို ယာယီဖွင့်လှစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပြောကြားရာ ဆိုရန်တိုဗီလာအဆောက်အအုံကို စာပေဗိမာန်ဟု ပြောင်းလဲခေါ်ဆိုကာ ၁၉၄၈ ခုနှစ် မေလတွင် ရွှေ့ပြောင်းဖွင့်လှစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် စတင်ခဲ့သော စာပေ ဗိမာန်သည် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း အဖြစ်မှ စာပေဗိမာန် (၁၉၄၇-၁၉၆၂)၊ စာပေဗိမာန် မှ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ (၁၉၆၃-၁၉၇၂)၊ ထို့နောက် ဗဟိုပုံနှိပ်တိုက်နှင့် ပူးတွဲလျက် ပုံနှိပ်ရေး နှင့် စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း (၁၉၇၂-၁၉၉၂)၊ ထိုမှ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဦးစီး ဌာန၏လက်အောက်ဌာနခွဲ (၁၉၉၂ မှ ယနေ့တိုင်)အဖြစ် အမည်နာမအမျိုးမျိုးဖြင့် ခေတ်ရေစီး ကြောင်းအလိုက် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်း စဉ်ကြီးကို အလျဉ်မပြတ် တက်ကြွစွာဆောင်ရွက် လျက်ရှိနေသည်။
စာပေဆုများနှင့် စာပေဗိမာန်
စာပေဗိမာန်သည် ပြည်သူလူထုအား ပညာ မျက်စိဖွင့်ပေးရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက် ထားသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ရာ ပြည်သူလူထု အား မြန်မာ့စာပေ အမြင်မျက်စိ၊ မြန်မာ့ယဉ်ကျေးမှု အမြင်မျက်စိရှိအောင် ဆောင်ရွက်ပေးရန် တာဝန်ရှိ လေသည်။ ထိုတာဝန်ကျေပွန်ခြင်းသည်ပင် မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းဖြစ်ပါသည်။ ဘာသာ ပြန်စာပေအသင်းတည်ထောင်စ ကနဦးကပင် စာပေပြုစုထုတ်ဝေမှုလုပ်ငန်းနှင့်အတူ စာပေဗိမာန် ဆုဟူ၍ စာပေဆုတစ်ရပ် တီထွင်ချီးမြှင့်မှုလုပ်ငန်း စဉ်ကိုလည်း ယနေ့ထက်တိုင် ဆက်လက်သယ်ပိုး ဆောင်ကြဉ်းပေးနိုင်သည်ကို တွေ့ရသည်။ တစ်ဖန် ဆိုရန်တိုဗီလာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ “စာအုပ် များထုတ်ဝေရေးကိစ္စတွင် ကျယ်ပြန့်သောလူထု လက်သို့ ပေါက်ရောက်နိုင်သော ဘာသာပြန်စာပေ များထုတ်ဝေရေးကို အာရုံပြုသင့်ကြသည်။ ဘာသာပြန်ဌာနကြီးတစ်ခုကို ကျွန်ုပ်တို့ ဖွင့်လှစ်သင့် ကြသည်”ဟူသည့် လမ်းညွှန်စကားကိုလည်း အကောင်အထည်ဖော်နိုင်သည်ကို တွေ့ရသည်။ စာပေဆုချီးမြှင့်ခြင်းလုပ်ငန်းသည် ဘာသာပြန် စာပေအသင်းတည်ထောင်စကပင် စာပေပြုစု ထုတ်ဝေမှုလုပ်ငန်းများနှင့်အတူ ပါရှိလာခြင်းဖြစ် သည်။ စာပေဗိမာန်ဆုချီးမြှင့်ရာတွင် အဓိကရည်ရွယ် ချက်မှာ ရှေးဟောင်းစာပေယဉ်ကျေးမှုကို ဖော်ထုတ် သည့်စာအုပ်စာတမ်းများ၊ ကမ္ဘာ့စာပေအမွေအနှစ်ကို မြန်မာ့စာပေသို့ သွတ်သွင်းသည့် စာအုပ်စာတမ်းများ၊ မျက်မှောက်မြန်မာစာပေကို တိုးမြှင့်မည့် စာအုပ် စာတမ်းများအား ထိုက်တန်စွာ ချီးမြှင့်ရန်ဖြစ်သည်။ ဆုများကို ၁၉၄၉ ခုနှစ်ကစ၍ ချီးမြှင့်သည်။ ၁၉၄၈ ခုနှစ်အတွင်း ထုတ်ဝေသည့် ကာလပေါ်ဝတ္ထုများ အနက်မှ မင်းအောင်ရေးသည့် “မိုးအောက်မြေပြင်” ဝတ္ထုကို ရွေးချယ်၍ ၁၉၄၉ ခုနှစ် ဇွန်လတွင် ဆုငွေ ၁၀၀၀ ကျပ် ချီးမြှင့်ခဲ့သည်။ ထိုနှစ်က အခြားဆုများ မချီးမြှင့်နိုင်ခဲ့ချေ။ ရေစီးကြောင်း ပြောင်းလဲမှုတို့ရှိခဲ့ သော်လည်း စာပေဗိမာန်စာမူဆုဟူ၍ ယနေ့တိုင် ချီးမြှင့်နေနိုင်ခြင်းကိုပင် ကျေးဇူးတင်နေမိသည်။ ဤသို့ စာပေဗိမာန်ဆုများ ချီးမြှင့်ခြင်းသည် မြန်မာ စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရုံ၊ ပျိုးထောင်ရုံမျှ မဟုတ်ပါချေ။ မြန်မာစာပေပြုစုရေးသားသူတို့ကို ချီးမြှင့်ခြင်းသည် မြန်မာစာပေအဆင့်အတန်းတိုးမြှင့် အောင်ဆောင်ရွက်နေသည့် စာပေဗိမာန်၏ စေတနာတစ်ရပ်ဖြစ်ကြောင်း ရှုမြင်နိုင်ကြပါလိမ့် မည်။
စာပေဗိမာန်နှင့် ယဉ်ကျေးမှု
စာပေဗိမာန်သည် ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် ဂီတသဘင်နှင့်စပ်လျဉ်း၍ “မြန်မာ့ဆိုင်းဝိုင်း”၊ “မြန်မာ့ဇာတ်ပွဲ”၊ “မြန်မာ့ရုပ်သေး”၊ “ဂီတစာပေ”၊ “ဂီတလမ်းစဉ်” စသည့် ဟောပြောချက်များကို လည်းကောင်း၊ ပန်းချီပညာနှင့်စပ်လျဉ်း၍ “ပန်းချီ လူထု” ဟောပြောချက်ကိုလည်းကောင်း၊ သမိုင်းနှင့် စပ်လျဉ်း၍ “ပုဂံခေတ်ယဉ်ကျေးမှု” ဟောပြောချက် ကိုလည်းကောင်း၊ ဘာသာရေးနှင့်စပ်လျဉ်း၍ “ရွှေမောဓောသမိုင်း”၊ “မြန်မာနိုင်ငံစေတီပုထိုးများ သမိုင်း” စသည့် ဟောပြောချက်များကိုလည်း ကောင်း ကျင်းပဟောပြောခဲ့သည်။ ထိုပွဲများတွင် ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ကုန်ပန်တျာကျောင်း၊ မန္တလေးပန်တျာကျောင်း စသည့်အဖွဲ့များမှ မြန်မာ့ သဘင်အနုပညာစွမ်းအင်ကို ဖော်ထုတ်ကပြခဲ့ကြ သည်။ ၁၉၈၈ ခုနှစ်မတိုင်မီအထိ အမျိုးသားစာပေ ဆုနှင်းသသဘင်ပွဲများဝယ် ယဉ်ကျေးမှုက ပြဇာတ်တိုများဖြင့် ပါဝင်အားဖြည့်ဖျော်ဖြေခဲ့ကြ သည်။ ကုန်သည်လမ်း စာပေဗိမာန် အဆောက်အအုံ ဖွင့်ပွဲတွင်လည်း ပန်တျာကျောင်းများက အားဖြည့် ခဲ့ကြကြောင်း မှတ်သားမိသည်။
ကုန်သည်လမ်း စာပေဗိမာန်
စာရေးသူသည် ကုန်သည်လမ်း စာပေဗိမာန်သို့ စာမူပို့သည့်ကိစ္စများဖြင့် မကြာခဏရောက်သည်။ ရောက်တိုင်းလည်း ဤအဆောက်အအုံသည် စာရေး သူနှင့် ဖွားဖက်တော်စပ်ကြောင်း ဂုဏ်ယူလေ့ရှိ သည်။ လိပ်စာအရ အမှတ် ၅၂၉-၅၃၁ ကုန်သည် လမ်း ရန်ကုန်မြို့ ဖြစ်သည်။ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်တွင် ရှိသည်။ ထိုထောင့်တွင် “မြန်မာ နိုင်ငံဘာသာပြန်အသင်းဥက္ကဋ္ဌ ပြည်ထောင်စုမြန်မာ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၊ ၁၃၁၇ ခု ကဆုန် လဆန်း ၁၄ ရက် ၁၉၅၅ ခုနှစ် မေလ ၅ ရက် ကြာသပတေးနေ့ နံနက် ၈:၃၀ နာရီအချိန်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်သည်”ဟူသည့် ကမ္ပည်း မော်ကွန်းရှိသည်။ စာရေးသူသည် ကမ္ပည်းမော်ကွန်း ကို အကြိမ်ကြိမ်ဖတ်ရင်း ဤအဆောက်အအုံကို ဖွားဖက်တော်အဖြစ် ရှုမြင်မိသည်။ အဆောက်အအုံ ၏ သန္ဓေတည်စအချိန်သည် ၁၃၁၅ ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့ (၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်) ဖြစ်သည်။ ထိုနေ့ဝယ် နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ကြီးမှူးကျင်းပပေးခဲ့သည်။ ကုန်သည်လမ်း စာပေ ဗိမာန်အဆောက်အအုံဖွင့်ပွဲနေ့သည် မှတ်ရလွယ်ကူ သည်။ ၅-၅-၅၅ ဆိုသည့် ငါးဂဏန်းလေးလုံးပင် ဖြစ်သည်။ ငါးဂဏန်းရက်ဖြစ်သည့် ကြာသပတေး နေ့သည်လည်း ပညာကိုညွှန်းဆိုသည်ဟု ဆိုကြ သည်။ အဆောက်အအုံဖွင့်ပွဲနေ့က ရွှေဂုံမြို့မ တူရိယာအဖွဲ့၏ ပျောင်းသွဲ့နွဲ့နှောင်းသည့် တေးဂီတ သံသာ၊ သံညင်းတို့သည် ပတ်ဝန်းကျင် လေလှိုင်းများ တွင် ငြိမ့်အေးချိုသာစွာ ထွက်ပေါ်ပျံဝဲခဲ့ကြောင်း ပြောစမှတ်ရှိခဲ့သည်။
အစဉ်ပြောင်းလဲလှုပ်ရှားလျက်ရှိသော ကမ္ဘာ ကြီးဝယ် လူမှုဆက်ဆံရေးတို့သည်လည်း ပြောင်းလဲ လျက်ရှိသည်။ လူမှုဆက်ဆံရေးကို ထင်ဟပ်ဖော်ပြ သည့် စာပေသည်လည်း ပြောင်းလဲနေမည်ဖြစ်သည်။ ဆက်ဆံရေးဆိုသည်ကား စာဖတ်သူဘက်မှ အကဲ ဖြတ်သော နိုင်ငံတိုးတက်ရေးကို ရှေးရှုချက်ပင် ဖြစ်သည်။
ခေတ်စနစ်တို့၏ ပြောင်းလဲမှုကြောင့် စာပေ ဗိမာန်သည်လည်း လူးလိမ့်ရခြင်းများရှိခဲ့ပါလိမ့် မည်။ လူးလိမ့်ရခြင်းများသည် ပြည်သူတို့၏ ကောင်းကျိုးကို ဖြစ်ထွန်းစေပါသလား၊ စာဖတ်သူ တို့အား ကောင်းမှုကိုပြုရန်အတွက် လှုံ့ဆော်ပါ သလား၊ အတွေးအခေါ်၊ ဉာဏ်ပညာအမြင် သဘောတရား၊ ကိုယ်ကျင့်တရား စသည်များ၌ တိုးတက်ပြောင်းလဲနိုင်အောင် စေစားနိုင်ပါသလား အစရှိသည်တို့ကို စာဖတ်သူအမြင်ဖြင့် လေ့လာ အကဲဖြတ်ခြင်းများကိုရော နားထောင်ခဲ့ကြပါ သလား၊ အဘယ်မျှကောင်းကျိုးဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို စိန်ရတုကာလ၌ ဝေဖန်စစ်ဆေး ကြည့်ရန်လိုသည်။ ဤကဲ့သို့ ပြည်သူ့အမြင်၊ စာဖတ်သူအမြင်ဖြင့် ကြည့်မှသာလျှင် နိုင်ငံ တိုးတက်ရေး၊ မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှုရာ ရောက်ပေမည်။
စိန်ရတုကာလအရောက်ဝယ် ဖြတ်သန်းခဲ့သည့် လမ်းကို ငဲ့စောင်းကြည့်ရင်း ခေတ်စနစ်၊ အချိန် ကာလတို့နှင့် လိုက်လျောညီထွေမှုရှိစေရန် ပြင်သင့် သည်များကိုလည်း ပြင်ရန်လိုသလို ရှေးက ကောင်း ခဲ့သည့် ဆောင်ရွက်ချက်များကိုလည်း စံနမူနာယူ သင့်က ယူရပါမည်။
၂၀၂၀ ပြည့်နှစ်မှစ၌ စိန်ရတုချိန်ခါများ၊ ရာပြည့် ကာလများသည် မြန်မာ့မြေပေါ်၌ လွန်းထိုးလာကြ သည်။ ထိုရတုများသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာကြခြင်းသာဖြစ်သည်။ စာပေနှင့် စပ်ဆိုင်သော စာပေဗိမာန်သည်လည်း ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် (၇၅) နှစ်မြောက် စိန်ရတုသက်တမ်းပြည့်မြောက်မည် ဖြစ်သည်။ စာပေဗိမာန်သည် မြန်မာ့လွတ်လပ်ရေးနှင့် အတူ အမျိုးသားရေးကြိုးပမ်းမှုတွင်ပါဝင်လျက် မြန်မာ မှုထွန်းကားရေး၊ မြန်မာတိုင်းရင်းသားအားလုံး၏ အတွေးအခေါ်ကြွယ်ဝရေးနှင့် ဉာဏ်ပညာအလင်းပွင့်လင်းစေရေးတို့အတွက် မီးရှူးတန်ဆောင်သဖွယ် ခေတ်အဆက်ဆက် စာပေအလင်း ထွန်းညှိပေးခဲ့ သည့် မြန်မာနိုင်ငံ၏တစ်ခုတည်းသော စာပေ ဆိုင်ရာအသင်းအဖွဲ့ကြီးဖြစ်သည်။ စာပေကျေးဇူး အထူးရှိသော စာပေဗိမာန်၏ စိန်ရတုကာလကို ဂုဏ်ယူဂုဏ်ပြုကြိုဆိုရင်း ဤဆောင်းပါးဖြင့် ကျေးဇူးဆပ်လိုက်ရပါကြောင်း။ ။
မှီငြမ်း- စာပေဗိမာန် နှစ် ၇၀ ပြည့်အထိမ်းအမှတ် စာစောင်၊၂၀၁၇ ခု ဩဂုတ်လ၊ စာပေ ဗိမာန်