ဆူးငှက်

မန္တလေးဆိုတာ အနုပညာနဲ့ တည်ဆောက်ခဲ့တဲ့ မြို့ပါ။ ဒါကြောင့်လည်း မြန်မာမင်းနေပြည်တော်အဆက်ဆက် မန္တလေး ရတနာပုံနေပြည်တော်လောက် ထီး၊ ဘွဲ့နန်း၊ ဘွဲ့မြို့တွေ မများခဲ့ဘူးလို့ ပညာရှင်တွေသုံးသပ်ကြတာပါ။ သီချင်း၊ ဂီတနဲ့ မြို့တော်ကို တည်ဆောက်တယ်။ သီချင်း၊ ဂီတနဲ့ ထီးနန်းတည်ဆောက်တယ်။ သီချင်း၊ ဂီတနဲ့ တိုင်းသူပြည်သား စိတ်ဓာတ်မြှင့်တင်တယ်။ သီချင်း၊ ဂီတနဲ့ ဘုရင်ထီးဘုရား အမြော်အမြင်ကိုတည့်မတ်တယ်။ သီချင်း၊ ဂီတနဲ့ ယိုင်နဲ့မှုတွေ တည့်မတ်တယ်။ သီချင်း၊ ဂီတနဲ့ ကျိုးကြောင်းဆင်ခြင်စေခဲ့တယ်။ ဆိုလိုတာကလူရဲ့ ပင်မဇာစ်မြစ်ဖြစ်တဲ့ နှလုံးသားကိုပဲ ထိရောက်စွာ သိမ်းသွင်းခဲ့တဲ့သဘောပါပဲ။ စိတ်မဏ္ဍိုင်မှတစ်ဆင့် ရုပ်ကို ပြုပြင်စေတဲ့ သဘော ...။

ဆိုင်းမဆင့်ဗုံမဆင့်

ဒီလို သီချင်း၊ ဂီတနဲ့ပျော်ရွှင်ကြည်နူးနေတဲ့ မန္တလေးမြို့ ကြီးကို ၁၉၄၂ ခုနှစ် ဧပြီ ၃ ရက် (၁၃ဝ၃ ခုနှစ်၊ နှောင်း တန်ခူးလဆုတ် ၄ရက်၊ သောကြာနေ့) နံနက် ၁၁ နာရီ အချိန်မှာ ဂျပန်လေယာဉ်အစင်း ၈ဝ ခန့်က တစ်မြို့လုံး ပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနှင့် အပျော်များကိုရုတ်ခြည်း သွန်မှောက်လိုက်ပြီး တုန်လှုပ်ချောက်ချားဖွယ် အနိဋ္ဌာရုံ များ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါတော့တယ်။ ဒီလိုနဲ့ မေလ ၁ ရက် (၁၃ဝ၄ ခုနှစ်၊ ကဆုန်လဆုတ် ၃ ရက်၊ သောကြာနေ့) မှာ ဂျပန်တွေ မန္တလေးတစ်မြို့လုံး သိမ်းပိုက်ပါတော့တယ်။
စစ်ရဲ့ အနိဋ္ဌာရုံကို သုံးနှစ်သုံးမိုးမျှသေကွဲကွဲကြ၊ ရှင်ကွဲ ကွဲကြနဲ့ နဖူးတွေ့ ဒူးတွေ့ခံစားကြရပြီး ၁၉၄၅ ခု၊ မတ်လ ၂၁ရက် (၁၃ဝ၆ ခု၊ တန်ခူးလဆန်း ၉ရက်၊ ဗုဒ္ဓဟူးနေ့) မှပဲ ဂျပန်လက်အောက်က မန္တလေးမြို့ကြီး လွတ်မြောက်ခဲ့ ပြီး ... အရပ်ရှစ်မျက်နှာထွက်ပြေးကြတဲ့ မန္တလေးသူ မန္တလေးသားတွေ 'ပြည်တော်ဝင်' နိုင်ကြတာမဟုတ် ပါလား ...။ စစ်ကြီးပြီးပေမယ့် စစ်ဒဏ်ရာဒဏ်ချက်က နှလုံးသည်းပွတ်ကို ဆွဲကိုင်လှုပ်ယမ်းခံစားစေတော့ ... မိမဲ့၊ ဖမဲ့၊ အလုပ်မဲ့၊ အကိုင်မဲ့၊ အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြရတော့ ပညာမဲ့၊ ဉာဏ်မဲ့၊ အသိမဲ့ကြတာမဆန်းပါဘူး ...။ ကမ္ဘာပေါ်က မည်သည့်နိုင်ငံ၊ မည်သည့်တိုင်းပြည်၊ မည်သည့်နေရာဒေသ၊ မည်သည့်လူမျိုးဖြစ်စေ ... 'စစ်ဆိုတာနဲ့ ဒီအနိဋ္ဌာရုံတွေ၊ ဒီဆိုးကျိုးတွေ ခံစားကြရ သူချည်းပါ။

လွယ်ကူတဲ့ ငွေရှာလမ်းတွေဆီ

ဒီတော့ စစ်ကြီးအပြီး မန္တလေးမှာ လူငယ်၊ လူရွယ် လူလတ်၊ ကျား၊ မ မဟူ စိတ်ဓာတ်တွေပျက်စီးကုန်ပါပြီ။ ရွှံ့ထဲဗွက်ထဲ၊ ရေထဲမှာ အိုးမဲ့ အိမ်မဲ့ဖြစ်ကြပေမယ့် အဝတ် အစား၊ အပျော်အပါးကမလျော့ကြပါဘူး။ ပိုဆိုးတာက အလောင်းအစား၊ အသောက်အစားတွေပါ ပိုကဲလာတာ မျိုးပါ။ မန္တလေးသူ ကုမ္မာရီလေးတွေကလည်း အလုပ်မရှိ၊ စားစရာမရှိသာဖြစ်တာ ... ညနေစောင်းတာနဲ့ နှုတ်ခမ်းနီ ပါးနီဆိုး အဝတ်အစားအပြိုင်ဝတ်ပြီး ဓာတ်ရှင်သွားကြ၊ ပွဲလမ်း သွားကြတော့တာပါပဲ ...။ အပျော်အပါးနောက် ငွေကြေးက ဖဝါးခြေရာထပ်မလိုက်နိုင်တော့ လွယ်ကူတဲ့ ငွေရှာလမ်းတွေဆီ ရောက်ကြတော့တာပါပဲ။ မန္တလေး သား လုလင်ပျိုများကလည်း စစ်တပ်တွေဆီက ကျန်ရစ် ခဲ့တဲ့ နိုင်ငံခြား အရက်မျိုးစုံသောက်၊ ဘိန်းရှူ၊ အပျော် အပါးလိုက်၊ လောင်းကစားဝိုင်းထဲ အချိန်ကုန်ကြလေ တော့ ... လူတွေလည်း ရှူနာရှိုက်ကုန်း ခါးချိသာခွေယိုင် ဖြစ်လို့ပေါ့ ...။
ကိုင်းဗျာ ... ဒီကိုကို၊ ဒီမမတွေနဲ့ဘယ့်နှယ်လုပ်ပြီး တိုင်းပြည်လွတ်လပ်ရေး ဆောင်ရွက်နိုင်မှာတုန်း။ 'ဒို့လူ လေးများ ဆိုသလေ'ဆိုရင် အရက်ဆိုင်၊ ဖဲဝိုင်းနဲ့ ပြည့်တန်ဆာအိမ်တွေထဲက ' တော်သလိုရော်သလိုကြည့် လုပ်ကြတာပေါ့ ' ဆိုတဲ့ ညောင်နာနာအသံတွေပဲ ထွက် လာမှာမဟုတ်လား ...။ ဒီတော့... အမြော်အမြင်ရှိတဲ့ မြို့မိ မြို့ဖတွေ၊ ပညာရှင်ကြီးတွေ ခေါင်းချင်းဆိုင်ကြရတော့ တယ်။ ' ဒီပုံစံနဲ့ဆိုရင်မလွယ်ဘူး မောင်ရေ့ ' ဆိုတာမျိုး ပေါ့လေ။

စိတ်ဓာတ်တွေပြင်ရမယ်

ဒီလူငယ်တွေကို အဲဒီဆိုင်၊ အဲဒီဝိုင်း၊ အဲဒီအိမ်တွေက ဆွဲထုတ်ရမယ်။ ပထမဆုံး သူတို့စိတ်ဓာတ်တွေ ပြင်ရ မယ်။ နီးစပ်ရာရပ်ကွက်တိုင်း အသင်းအဖွဲ့၊ အစည်းအရုံး တွေဖွဲ့စည်းပြီး ကျားမဟူသမျှ ကာယဗလလိုက်စားပြီး အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးအဆင့်ကို ဆောင်ရွက်ကြ ရမယ်။ ဒါမှသာ လွတ်လပ်ရေးတိုက်ပွဲအတွက် 'ပခုံးနဲ့ လက်ပြင်၊ ကြောချင်ကသံချောင်း' ဖြစ်တော့မှာပေါ့ဆို ပြီး ... ၁၉၄၅ ခု ဒီဇင်ဘာလ ၂၉ရက် (၁၃ဝ၇ ခု၊ နတ်တော် လဆုတ် ၁ဝရက်၊ စနေနေ့)မှာ 'အထက်ဗမာနိုင်ငံ၊ ကိုယ်လက်ကျန်းမာရေးအသင်းကြီး၏ ကာယဗလပြပွဲ' ကို မန္တလေးမြို့လယ် ၈၂လမ်းနှင့် ၈၃လမ်းကြား၊ ၃၁ လမ်းနှင့် ၃၁လမ်းကြားက နေသူရိန်ဇာတ်ရုံကြီးမှာ ကျင်းပ ခဲ့တယ်။ မန္တလေးထုံးစံအတိုင်း ဆိုင်းနဲ့ဝိုင်းနဲ့၊ အဆိုနဲ့အက နဲ့၊ ကဇာတ်နဲ့ပြဇာတ်နဲ့ပါပဲ။ ထုံးစံအတိုင်း မြို့မငြိမ်းတို့ ဦးရင်လေးတို့ဦးစီးပြီး မြို့မတီးဝိုင်းနဲ့ပါပဲ။ တီးဝိုင်းနာမည် ကိုတော့ 'ကရဝိက်(သ)မြူးဆစ်' နဲ့ 'ညှင်းတွဲ့တွဲ့' တီးဝိုင်းလို့ တစ်ပိုင်းစီမှာ နာမည်ပေးခဲ့တယ်။

ကျန်းမာသန်စွမ်းခြင်းနှင့်အတူ
အသိဉာဏ်ဖွံ့ဖြိုး အမြင်ကျယ်ဖို့

ဒီပွဲတော်ကြီးလည်းပြီးရော မန္တလေးရဲ့ရပ်ကွက်တိုင်းမှာ ကိုယ်ကာယကြံ့ခိုင်ရေးအသင်းတွေ၊ အလေးမအသင်း တွေ အလျှိုအလျှိုပေါ်ပေါက်လာတော့တာပါပဲ။ ဒီအသင်း တွေနှင့်အတူ ရပ်ကွက်တွေထဲမှာ စာကြည့်သင်းတွေ လည်း ပေါ်ပေါက်လာပါတယ်။ စစ်ကြီးကပေးလိုက်တဲ့ သင်ခန်းစာအရ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ထူထောင် နိုင်ဖို့က ကျန်းမာသန်စွမ်းခြင်းနှင့်အတူ အသိဉာဏ်ဖွံ့ဖြိုး အမြင်ကျယ်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာ သဘော ပေါက် သိရှိလာကြတာပါ။ ဒီလိုစာကြည့်သင်း စာကြည့် တိုက်တွေ ပေါ်ပေါက်လာကြတဲ့အထဲမှာ ၂၆ ဘီလမ်း (၆၂ လမ်းနှင့် ၆၃ လမ်းကြား) မဟာဇေယျာဘုံရပ်မှာရှိတဲ့ လင်းရောင်ခြည်စာကြည့်တိုက်ဟာ ထင်ရှားတယ်။ စာကြည့်တိုက်ကို ၁၉၄၆ ခုနှစ်ဆန်းတာနဲ့ တစ်အိမ်ထောင် ငွေ ၃ ကျပ်စီစုဆောင်းပြီး စတင်ထူထောင်ရာမှာ ရပ်မိရပ်ဖ များဖြစ်တဲ့ သူကြီးဦးဘမောင်၊ ဦးမြမောင်၊ ဦးဘဦး၊ ဦးလှ ဘော်၊ ဦးချစ်ဖွယ်၊ ဦးတင့်လွင်၊ ဦးဘဆွေ၊ ဦးလှမြင့်တို့က ဦးဆောင်ခဲ့တယ်။

အရှေ့ရိုးမပေါ်က နေလုံးကြီးထွက်ပြူနေပုံ

အသင်းဆိုင်းဘုတ်မှာ အရှေ့ရိုးမပေါ်က နေလုံးကြီး ထွက်ပြူနေပုံမှာ လင်းရောင်ခြည်စာကြည့်တိုက်လို့ ဖော်ပြထားပြီး အောက်မှာ အာဇာနည်လမ်းလို့ပါရှိတာ ထူးခြားပါတယ်။ ၁၃၀ဝပြည့်နှစ် တပို့တွဲလပြည့်ကျော် ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အာဇာနည် ၁၇ ဦးကို ဂုဏ်ပြုသော အားဖြင့် ၂၆ဘီလမ်းကို “အာဇာနည်လမ်း” လို့ တစ်မြို့လုံး က ကမ္ပည်းမော်ကွန်းတင်ခဲ့ကြခြင်းရဲ့ မှတ်တမ်းပါပဲ။ မူလနေရာမှာပဲ အရှေ့ပြင်နယ်လုံးဆိုင်ရာ လင်းရောင်ခြည် စာကြည့်တိုက်လို့ ထင်ရှားတည်တံ့ခဲ့တာ ခေတ်အဆက်ဆက် ပါပဲ။ ဒီစာကြည့်တိုက်ကနေ လူချွန်လူကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ပါပြီ။ စာကြည့်တိုက် မြေနေရာအပါ အဝင် စာကြည့်တိုက်ကို ရပ်ကွက်အများပိုင်အဖြစ် တာဝန် ယူစောင့်ရှောက်ခဲ့ကြတာ ၁၉၉၆ ခုနှစ်က နှစ် ၅ဝ ရွှေရတု ပွဲလည်း ဆင်နွှဲခဲ့ပါပြီ။

အခု သက်ဆိုင်ရာ ရပ်မိရပ်ဖများ၊ လွှတ်တော်ကိုယ်စား လှယ်များ ဦးဆောင်ပြီး ၂၀၁၇ ခုနှစ် ဧပြီလဆန်းမှာပဲ ကော်မတီအသစ်ဖွဲ့စည်းပြီး သက်တော်ရှည်စာကြည့်တိုက် ပီပြင်ရေး၊ အဓွန့်ရှည်ရေး၊ တိုးတက်ရေးတို့ကို ဆောင်ရွက် ခဲ့ကြတာ သုံးနှစ်သက်တမ်း တိုင်ပါပြီ။ ဒီသုံးနှစ်အတွင်း ယိုယွင်းနေတဲ့ လက်ရှိစာကြည့်တိုက် အဆောက်အအုံကို ဆက်လက်အသုံးပြုနိုင်ဖို့ ပြင်ဆင်ပါတယ်။ အရင်ကော်မတီ က အငှားချထားခဲ့တဲ့ ဆိုင်ခန်းတွေကို အငှားသက်တမ်း ကုန်တာနဲ့ ရပ်ဆိုင်းဖယ်ရှားခဲ့တယ်။ အမြဲတမ်းစာကြည့် တိုက် ဝန်ထမ်းများ ခန့်ထားခြင်း၊ သင်တန်းတက်စေခြင်း၊ စာအုပ်အသစ်များ လစဉ်ဖြည့်တင်းခြင်း၊ စာအုပ်စာရင်း များ ပြန်လည်ပြုစုခြင်း၊ အသင်းသားအသစ်များ ဖိတ်ခေါ် ခြင်းများ ဆက်တိုက်ဆောင်ရွက်ခဲ့တယ်။

လူငယ်ဖွံ့ဖြိုးရေးစင်တာ

ယခုအခါ ပင်မစာကြည့်တိုက်ခန်းမအပြင် လေအေး စက်တပ်ဆင်ထားတဲ့ စာဖတ်ခန်း၊ ကွန်ပျူတာခန်းတွေနဲ့ အတူ သင်တန်းသား ၈ဝ ဆံ့တဲ့ ခန်းမကိုလည်း ဖွင့်လှစ်နိုင် ပါပြီ။ စာကြည့်တိုက်ကိုလည်း ပိတ်ရက်မရှိ နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ကာ အသင်းဝင်ပေါင်း ၃၀၀ဝကျော်ရှိပြီး နေ့စဉ် စာအုပ်ရေ ၂၀ဝ ကျော် ငှားရမ်း နေပါတယ်။ အထူးသဖြင့် တစ်နှစ်ပတ်လုံး ကွန်ပျူတာ သင်တန်း၊ အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်ကာ ဝါတွင်းနဲ့ နွေရာသီတွေမှာ ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်း၊ စာစီစာကုံးသင်တန်း၊ ပုံပြင် ပြည်သူ့နီတိ တေးကဗျာနဲ့ သီချင်းသင်တန်း၊ အင်္ဂလိပ်၊ မြန်မာစာဖတ် စွမ်းရည် သင်တန်းတွေလည်း လူငယ်ဖွံ့ဖြိုးရေးစင်တာ အဖြစ် အရှိန်မပျက် ဖွင့်လှစ်ဆောင်ရွက်နေပါတယ်။ အထူး သဖြင့် စာကြည့်တိုက်အသင်းဝင်များနဲ့အတူ စာပေ ဝါသနာရှင်များအတွက် စာပေစကားဝိုင်းများ စာပေ ဆွေးနွေးပွဲများကိုလည်း လစဉ်ကျင်းပနေသလို စာအုပ် မိတ်ဆက်ပွဲ၊ ပန်းချီပြပွဲ၊ ဓာတ်ပုံပြပွဲတွေလည်း ကျင်းပပါ တယ်။ နှစ်စဉ် စာဆိုတော်ရာသီမှာ စာရေးဆရာ ဆရာမ များကို ပင့်ဖိတ်ပြီး စာပေဟောပြောပွဲ ကျင်းပခဲ့တာ သုံးကြိမ်ရှိပါပြီ။ အထူးသဖြင့် ရွေ့လျားစာကြည့်တိုက် အနေနဲ့ လမ်း ၃ဝနဲ့ ၆၄ လမ်းထောင့်ရှိ လူမှုဝန်ထမ်း အမျိုးသမီးငယ်များ သင်တန်းကျောင်းကို နှစ်ပတ် တစ်ကြိမ် သွားရောက်ပြီး စာအုပ်များငှားရမ်းပါသေးတယ်။

၇၅ နှစ်မြောက် စိန်ရတုသက်တမ်းတိုင်ပြီ

ဒီလို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့ မန္တလေး အာဇာနည်လမ်းပေါ်က လင်းရောင်ခြည်စာကြည့်တိုက် ဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ (၇၅)နှစ်မြောက် စိန်ရတု သက်တမ်းတိုင်ပြီပေါ့။ ၇၅ နှစ်မှာ အရွယ်နဲ့မလိုက် ပြန်လည်နုပျိုတက်ကြွနေတဲ့ စာကြည့်တိုက်လည်း အရှိန်အဟုန်နဲ့ လိုက်လျောညီထွေမယ့် ရုပ်ပိုင်းဆိုင်ရာ တွေ ပြုပြင်မွမ်းမံဖို့လည်း လိုအပ်နေပါပြီ။ ဒါကြောင့် စာကြည့်တိုက်ကို သုံးထပ်အဆောက်အဦနှင့် အဆင့်မြှင့် တင်ခြင်း လူငယ်ဖွံ့ဖြိုးရေးစင်တာ တိုးချဲ့ ဖွင့်လှစ်ခြင်းတွေ အထိ ဆောင်ရွက်ကြပါတော့မယ်။ သာသနာ့ဝန်ထမ်းများ ကို အခမဲ့အသင်းဝင်စေကာ အသင်းဝင်ကြေး ၁၀၀ဝ ကျပ် သာ ကောက်ခံပြီး အခမဲ့ငှားရမ်းနေတဲ့ စာကြည့်တိုက်အဖို့ စာပေလုပ်ငန်းအရပ်ရပ်နဲ့ လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကို ကုသိုလ်ရှင် စေတနာရှင်တွေရဲ့ အလှူငွေနဲ့ပဲ လစဉ် ရုန်းကန် ရပ်တည်နေရတာမို့ မဖြစ်မနေ ဆောင်ရွက်ရ တော့မယ့် စာကြည့်တိုက်အဆောက်အအုံ အဆင့်မြှင့် တင်ရေးမှာလည်း ကုသိုလ်ရှင် စေတနာရှင်များကိုပဲ အားကိုးရပါလိမ့်မယ်။
ဒါမှသာ ဒုတိယကမ္ဘာစစ်ကြီးကြောင့် ရရှိခဲ့ကြတဲ့ သင်ခန်းစာရဲ့ အသီးအပွင့်ဖြစ်တဲ့ လင်းရောင်ခြည် စာကြည့်တိုက်ဟာ လွတ်လပ်ရေးရဲ့ အသီးအပွင့်အဖြစ် ဆက်လက်တည်တံ့ခဲ့ပြီး အခု ဒီမိုကရေစီလမ်းစရဲ့ အသီး အပွင့်အဖြစ် ပိုမိုငွားစွင့်ပွင့်ဖူး စည်ပင်လာပါဦးမယ်။ သစ် တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သတဲ့..။

ကြေးမုံ